Posts

လူမဆန်တဲ့ကမ္ဘာ

ကမ္ဘာဟာ ကမ္ဘာဆန်ခဲ့ရင် လူဟာ လူဆန်ခဲ့ရင် အရက်မလို ဆေးမသုံး ငါတို့တွေအကုန် ပြုံးလို့ရတယ် မဆန်တာများတော့ မတန်တာပွားတာပေါ့ ဒါနဲ့ပဲ......ငါတို့တွေမဟန်ကြတော့တာ လူကလူကိုကယ်ရင်...ငါထင်တယ် ဒီကမ္ဘာမှာ ဘုရားမလိုဘူး... -John snow

နိုင်ငံတော်သီချင်း - ၄

    အရာရာဟာ      အာဏာသိမ်းပြီးခါစ   ညနေခင်းတုန်းကအတိုင်း      ခြေရာလက်ရာမပျက်   မိုးသားမည်းမည်းတွေက      မျက်နှာကြက်ဆီမှာ   ဒီအတိုင်း သွေးရူးသွေးတန်းအော်ဟစ်သံတွေက     လေထဲမှာ   ဒီအတိုင်း ခေါင်းပြတ်ကြီးက     လမ်းဆုံလမ်းခွမှာ   ဒီအတိုင်း အလံတော်ဟာ      တိုင်တစ်ဝက်မှာ   ဒီအတိုင်း သေသူတွေရဲ့ပါးစပ်ထဲမှာ     တနုံနုံ   စကားလုံးတွေ ရှင်သူတွေရဲ့   ပါးစပ်ထဲမှာ       တရဲရဲ   မီးကျီးခဲတွေ   သင်၏   ကျေးဇူးကြီးမားလှသော   နိုင်ငံတော်  … … …    ။           အောင်ခင်မြင့်

စိတ်ဖိစီးမှုများ - ၃

သေမင်းဟာ ကလေးချစ်တတ်တယ်ထင်ပါ့ Save The Children ကိုမြင်တော့  ကလေးတွေကို အာဏာရူးလက်အောက်က နိုင်သလောက် ကယ်ထုတ်သွားတယ်။  သေမင်းဟာ အလုပ်လုပ်ရတာလည်း စိတ်မပါနေဘူး လူမှားပြီး ခေါ်ခေါ်သွားတတ်လို့ ကမ္ဘာမှာ ကြာကြာမထားသင့်သူတွေကို မမြင်မိလို့ မကြာခဏ အပြစ်တင်ခံရပေါ့။  ဘုရားသခင်လည်း  တောင်းဆုတွေကို မဖြည့်ဆည်းပေးနိုင်လို့ ရှောင်ပြေးနေရတာနဲ့ သေမင်းရဲ့ စောက်တလွဲတွေကို မမြင်မိ မတွေ့မိ မကြားမိ။ ကိုဟိန်း

"အမေ့ဆီရေးပြီး မပို့ဖြစ်တဲ့ စာ"

သို့ အမေလို့ရေးပြီး ချစ်တဲ့ သားကြီးလို့ အဆုံးသတ်ရမှာ  ရှက်နေတဲ့ကောင်က ကျနော်ပေါ့ ။ ဒီစာကို အမေမဖတ်ဖို့ မျှော်လင့်ပါတယ်။ အခုရက်ပိုင်း‌ဒီမှာ မိုးတွေသည်းသည်းမဲမဲရွာ‌နေတယ် အမေ ကျနော်တို့ယဉ်ကျေးမှုကရယ်ရတယ်။ အရွယ်ရောက်သွားတဲ့သားတွေဟာ မိဘကို ပွေ့ဖက် နှုတ်ဆက်ဖို့ ရွံ့နေခဲ့ကြရဲ့မဟုတ်လား အဝေးရောက်ကောင်းကင်မှာ ကြယ်တွေ လင်းအားဖျော့‌တော့နေပုံ၊ အမေ့ မျက်လုံးထဲ ၀င်သွားတဲ့ပိုးကောင်အဖြစ် ကျနော် အဆင့်ဆင့်အသွင်ပြောင်းသွားပုံ။ ဒါတွေ‌ဟာ အိပ်မကဟုတ်ဘဲ ဆက်လက်စီးဆင်းနေဆဲ ချောင်းဆိုး၊ မြောင်းဆိုးတွေ။  တောရောက်တောင်ရောက် ကြယ်မမြင်လမြင်ညတွေကို အမေစောင်ထခြုံပေးတဲ့ညလို့ ထင်‌ယောင်ထင်မှားရင်း ကျနော့်ညတွေ မိုးစင်စင်လင်းသွားတာ ခရာသံနဲ့နိုး၊ ခရာသံနဲ့ မှိတ်သွားတဲ့ မျက်လုံးတွေမှာ ယုံကြည်ချက်ကလွဲလို့ ဘယ်အရောင်မှ မရှိပါဘူး။ သွေးကြောတစ်မျှင်ချင်းကအစ တော်လှန်ရေးတဲ့၊  အမေ့‌သွေးခဲတုံးလေးကနေ မတရားမှု‌နံရံကို  ခေါင်းနဲ့၀င်ဆောင့်မယ့် မာကျော ဦးခေါင်းခွံတွေ ဖြစ်တဲ့အထိ ကျနော် ကြီးရင့်ရှင်သန်ခဲ့ရပေါ့။ အမေမကြိုက်တဲ့ သေနတ်မောင်းတွေကို ဖြုတ်နေမိသူ ကျနော့်မလိမ်မိုးမလိမ်မာ ၂၉နှစ်တာ အတွက်  ခွင့်လွှတ်ပါ အ‌မေ။ တစ်ချိန်...

လှလိုက်တာ

မရေရာတာ တွေရော မသေချာတာ တွေရော ပရမ်းပတာ တွေရော ငါ့ကမ္ဘာဆီပဲ လာပွင့်တယ် ။ စစ်မုန်းအိမ်

"ပျော်ပျော်ရွှင်ရွှင်ဒီပရက်ရှင်"

စားပွဲပေါ်က ခဲဖျက်ကလေးတစ်ခု အမှတ်တမဲ့ ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့ရင်လည်း ငါ့ သတိရမှုပါပဲ မိဘမဲ့ ကလေးတွေတွေ့တော့ ငါဟာ မိဘမဲ့လူကြီးပါလားဆိုပြီး စိတ်မကောင်းဖြစ်မိတယ် ငါ လား ငါ့ ဇီမာ လမ်းခွလား လေချွန်သံနဲ့ မြွေတွန်သံ မကွဲ​ပြားသေးတာကလည်း ဟိုတုန်းက အတိုင်းပါပဲ ၁၉၈၆ တည်းက လိပ်စာကျပျောက်ခဲ့တဲ့ ငှက်တစ်ကောင်ဟာလည်း မင်းရပ်နေတဲ့ ပြတင်းရဲ့ အပြင်ဘက်မှာ မထေမဲ့မြင် သတိရခြင်းများစွာနဲ့ မသိကျိုးကျွံ ဖြတ်ပျံမြဲ ဟိုတုန်းက အတိုင်းပါပဲ။ သစ်ကောင်းအိမ်

ခံရတော့ ကလေးတွေ

ကမ္ဘာပြားပြီဆိုပြီး အဲဒီကောင်တွေ ဖောက်ပြန် ၊ အာရှတန်ဖိုးဆိုပြီး အဖိနှိပ်ခံတွေရဲ့ ခြေထောက်ကို တက်နင်း ၊ ခံရတာ ကလေးတွေပဲ ။ စစ်ကြီးဟာ ခေတ်ကြီးကို မီးခိုးမှိုင်းတိုက်လိုက် ၊ ခေတ်ရဲ့ဖင်ကနေ ခေါင်းအထိ သပ်လျှိူ ရိုက်သွင်းလိုက် သေရတာ ကလေးတွေပဲ ခံရတော့ ကလေးတွေပဲ ။ ငွေစက္ကူ ပေါ်ကဂဏန်းတွေ ကြီးလာ ၊ ဘုရားဟာ ရွှေသားအတိ လုံးတော်ပြည့်ဖောင်းလာ ၊ နိုင်ငံတော်အဆင့် သူခိုးတွေရဲ့ နိုင်ငံတော်အဆင့် ဗိုက်တွေဟာ နိုင်ငံတော်အဆင့် ရွှဲလိုက်လာ ၊ ပိန်ချူံး ချည့်နဲ့သွားတာ ကလေးတွေပဲ ခံရတော့ ကလေးတွေပဲ ။ ကလေးတွေရဲ့ ပေါင်မုန့်တွေကို ခိုးယူပြီး လေယာဉ်ပစ်အမြောက်တွေ လုပ်ခဲ့ကြ ၊ ကလေးတွေရဲ့ မျက်ရည်တွေကိုယူပြီး အခြားကလေးတွေရဲ့ အိပ်ယာပေါ် အက်ဆစ်မိုးတွေ ရွာသွန်းစေခဲ့ကြ ၊ ခေတ်အဆက်ဆက် လက်မှတ်တွေထိုး ခေတ်အဆက်ဆက် ခြေနဲ့ဖျက်ခဲ့ကြ ၊ အကြောက်တရားနဲ့ ကြီးလာရတော့ ကလေးတွေပဲ ခံရတော့ ဒီကလေးတွေပါပဲ ။ ကမ္ဘာ့ကလေးများနေ့မှာလည်း ခံရတာ ကမ္ဘာနဲ့အဝှမ်း ကလေးတွေ ခံရတော့ အပြည်ပြည်ဆိုင်ရာ ကလေးတွေပါပဲ ။ ကလေးတွေကို ချစ်သတဲ့လား အမှိုက်ကောက်ကလေးငယ်ကို မောင်းလွှတ်ခဲ့တာ စားပွဲထိုးကလေးငယ်ကို ခေါင်းခေါက်ခဲ့တာ စျေးသည်ကလေးငယ်ကို...