ပြောလိုက်ပါဘိ ဟောပါဘိ
ငါ့ညီပြောင်၀င်း၊မောင်သစ်စင်း၊
မင်း၏သက်လှယ်၊မင့်သားငယ်သည်၊
သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ။
သူသုံးနှစ်သား၊ဖော်ချင်းများနှင့်၊
အူယားဖားယား၊
ကစားရာမှ၊နွားရုပ်ချ၍၊
နတ်ကျသည့်သွင်၊မင့်ရင်ခွင်သို့
ပြေး၀င်ပုန်းလာ၊သူ့မူရာကို၊
ငါမြင်ခဲ့၏ မှတ်မိ၏။
မိုးကစိုစို၊ကျီးအုပ်ပြို၍၊
ထိုမှဤမှ၊တို့လမ်းမတွင်၊
ပျံကြဝဲကြ၊ငရဲထသို့၊
အုံကြွမြည်အာ၊မသာယာကို၊
ငါကြားခဲ့၏ မှတ်မိ၏။
ထို့နေ့၌ပင်၊ထိုချိန်ထင်၏၊
သခင်အောင်ဆန်း၊ပြည့်သူပန်းသည်၊
ပွင့်လန်းခါစ၊ကြွေလိုက်ရ၏၊
မြေခသတင်း၊မိုးကြိုးခွင်းသို့၊
အိမ်တွင်းအိမ်ပြင်၊တို့လမ်းခွင်၌
မချင့်မရဲ၊၀မ်းနည်းခံခက်၊
မျက်စိမျက်နှာ၊ညှိးကြရှာသည်၊
ရွာဦးပိုင်းမှသင်္ချိုင်းထိ။
ငါ့ညီပြောင်၀င်း၊မောင်သစ်ဆင်း၊
မင်း၏သားငယ်၊နှစ်ဆယ်သက်စစ်၊
သူ့တို့ခေတ်၌၊
တိုင်းချစ်ပြည်ခင်၊မြတ်စေချင်၏၊
မင်းမြင်ငါကြား၊စကားဥဒါန်း၊
ဆန်း၏သတ္တိ၊ဆန်း၏သမာဓိ၊ဆန်း၏ပညာ
ဆန်းမှာဆုံပေါင်း၊ယောက်ျားကောင်းတို့၊
ခေါင်းဆောင်သသော၊မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။
ဇော်ဂျီ
Comments
Post a Comment