ဒီအချိန်မဖွဲ့ရင် ဘယ်အချိန်ဖွဲ့မလဲ
တူမီးတော်လှန်ရေး စာစဉ်
အယ်ဒီတာ့ အာဘော်
ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ဟာ မကြာခင်မှာ ချင်းဖက်ဒရယ်ပြည်နယ် ကြေညာ စာတမ်းနဲ့အတူ ချင်းပြည်နယ်အစိုးရကို ဖွဲ့စည်းတော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ KIO ကလည်း ထုတ်ပြန်ကြေညာချက်ထဲမှာ ကချင်အစိုးရလို့ တရားဝင်သုံးစွဲလာသလို ကြားကာလ ကချင်ပြည်သူ့ကောင်စီ KPICT ကိုလည်း စနစ်တကျဖွဲ့စည်းထားပြီးပါပြီ။ ထို့အတူ တအာန်းအမျိုးသားအတိုင်ပင်ခံကောင်စီ TPCC နဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကော်မတီ PNFC တို့ကလည်း သူတို့ရဲ့ နိုင်ငံရေး/စစ်ရေးတည်ဆောက်မှုတွေကို ပေါ်ပေါ်တင်တင် ထုတ်ဖော်လာကြသလို ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC ကလည်း ဒေသတွင်းအုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ကိစ္စတွေကို မကြာမကြာထုတ်ဖော်ပြောဆိုလာတာတွေ့ရပါတယ်။ မူလရှိပြီးသား ကရင်အမျိုးသားအစည်းအရုံး ကလည်း NUCC နဲ့ ပူးပေါင်းဆောင်ရွက်နေမှုတွေကို တရားဝင်ပြောကြားလာတာဖြစ်ပါတယ်။
ဒီလို အားကောင်းတဲ့ ဖက်ဒရယ်ယူနစ်ဆိုင်ရာ လှုပ်ရှားမှုတွေ အရှိန်အဟုန်နဲ့ပေါ်ပေါက်နေတဲ့ အချိန်ကာလမှာ ဒေသတစ်ခုလုံးအတိုင်းအတာတော်လှန်ရေးအားကောင်းနေပြီး လက်ရှိ အနေအထားမှာလည်း ပြည်သူ့အုပ်ချုပ်ရေးစိုးမိုးမှုအရှိဆုံး ဒေသတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်းကတော့ ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် နိုင်ငံရေးအရ ပုံဖော်ရမယ့် လုပ်ငန်းစဉ်တွေ ပျက်ကွက်နေဆဲပဲ ရှိပါသေးတယ်။ စစ်ရေးအရ စစ်ဒေသ-၁ ရဲ့ ကွပ်ကဲမှုအောက်ကို အထိုက်အလျောက်ရောက်ရှိနေပြီဆိုပေမဲ့ နိုင်ငံရေးအရတော့ ဦးဆောင်သူပျောက်နေပြီး ဖက်ဒရယ်ယူနစ် အတိုင်ပင် ခံကောင်စီ သို့မဟုတ် ပေါင်းစပ်ညှိနှိုင်းရေး ဘော်ဒီ တစ်ခုမှ မဖွဲ့နိုင်သေးဘဲ ချိုမိုင်မိုင်သာ ကနေဆဲဖြစ်ပါတယ်။
ဖက်ဒရယ်ချာတာကို ပြန်လည်ပြုပြင်ထားတဲ့ ချာတာ တရားဝင်ထွက်လာပြီးတဲ့နောက်မှာ ဖက်ဒရယ်ယူနစ်တစ်ခုရဲ့ စုစည်းမှုဟာ တော်လှန်ရေးကာလမှာရော အသွင်ကူးပြောင်းရေးကာလမှာပါ အင်မတန်အရေးကြီးတဲ့ အနေအထားဆိုတာ သိသာထင်ရှားလာပါတယ်။ စစ်ကိုင်းတိုင်းမှာ ရွေးကောက်ခံလွှတ်တော်အမတ်တွေပေါင်းပြီး CRSH ဆိုတာဖွဲ့ထားပေမဲ့ စာရွက်ပေါ်မှာပဲရှိပြီး လက်တွေ့ အလုပ်မဖြစ်ပါဘူး။ နောက်ပြီးအနာဂတ်ဖက်ဒရယ် ယူနစ်တည်ထောင်ဖွဲ့စည်းရာမှာ CRSH လိုလွှတ်တော်အင်အားစုတစ်ခုတည်းနဲ့လည်းဘာမှလုပ်ဆောင်လို့မရတာကြောင့် တခြားအင်အားစုတွေဖြစ်တဲ့ CDM အင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ NUG အောက်နဲ့ NUG အောက်မှာမရှိတဲ့ အသီးသီးသောလက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံး စုစည်းတည်ဆောက်ထားတဲ့ ပင်မ အစုအဖွဲ့ အဖွဲ့အစည်းကြီးတစ်ရပ် မဖြစ်မနေလိုအပ်ပါတယ်။
တခြားပြည်နယ်တွေ ခြေလှမ်းများစွာရှေ့ရောက်ပြီမို့ စစ်ကိုင်းတိုင်းရဲ့ ဖက်ဒရယ်ယူနစ် ပထမဆုံးခြေလှမ်းအဖြစ် ဒီအဖွဲ့အစည်းကို ဖွဲ့စည်းရမဲ့အချိန်ဟာ တော်တော်ကို ကျော်လာခဲ့ပြီးဖြစ်ပါတယ်။ ဒီလိုအချိန်မှာမှ ဖက်ဒရယ် ယူနစ် ရေးရာ ပေါင်းစပ်ညှိနှိုင်းမယ့်အစုအဖွဲ့ကိုမစုစည်းနိုင်ရင် ဘယ်အချိန်မှာ ဖွဲ့မလဲလို့ မေးခွန်း ထုတ်စရာ ရှိ လာပြီဖြစ်သလို ရွေးကောက်ခံဆိုသူများကိုလည်း တစ်စုတစ်ဖွဲ့တည်းကပဲ အာဏာကို ဆက်လက် ချုပ်ကိုင် လိုတာလား၊ ဖက်ဒရယ်ပဋိညာဉ်အရ ဖက်ဒရယ်ယူနစ်အဖြစ်သွားဖို့ အစီအစဉ်မရှိတော့ဘူးလားဆိုတာ မေးခွန်းထုတ်ရတော့မှာပဲဖြစ်ပါတယ်။
ဒီအချိန်ဟာ အကောင်းဆုံးအချိန်ပါ။
ReplyDeleteDone
ReplyDelete