"သားချော့တေး"

သားရေ

ငိုသံတွေကို လမ်းခင်းပြီးမှ

မင်းရဲ့နန်းတော်ကြီးဆီ ရောက်မယ်ဆိုရင်

အဲဒီလမ်းကို မလျှောက်လေနဲ့။


မိုးလောက်ကြီးပဲ မြင့်ပါစေ

လူတွေရဲ့ပခုံးကို တက်နင်းပြီးမှ

မင်းဘဝ အထက်တန်းကျမယ်ဆိုရင်

အဲဒီအမြင့်ကိုလည်း မလှမ်းလေနဲ့။


မင်းရဲ့ယုံကြည်ချက်ကြောင့်

ဘဝတွေ ပျက်

အိုးအိမ်တွေ ပျက်

မိသားစုတွေရဲ့

ပျော်စရာအနာဂတ်တွေလည်း

ကြေကွဲပျက်စီးရမယ်ဆိုရင်

အဲဒီယုံကြည်ချက်ကိုလည်း မင်း အကောင်အထည် မဖော်လေနဲ့။


မသိနားမလည်သူ

လူတွေကို လှည့်စားပြီးမှ

ဇိမ်ခံခွင့် ရမယ်ဆိုရင်

အဲဒီစည်းစိမ်ကိုလည်း မင်း မမက်မောလေနဲ့။


ဒီလောကကြီးမှာ

သစ်သီးကလေးတစ်လုံး သီးဖို့

အချိန်တွေ အများကြီး ယူရတယ်

ပန်းကလေးတစ်ပွင့် ပွင့်ဖို့

အဆင့်ဆင့် တည်ဆောက်ခဲ့ရတယ်

မြေနီလမ်းနံဘေးက

တောပန်းကလေးတွေကအစ ကြင်နာပါ

ဒုက္ခရောက်သူကို ဖေးကူပါ

လူ့ဂုဏ်သိက္ခာကို စောင့်ရှောက်ပါ

အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။


ရိုးသားဖြူစင်သူတွေကို

တစ်ဖက်သတ်အနိုင်ယူပြီးမှ

မင်းရဲ့သရဖူကို ရမယ်ဆိုရင်

အဲဒီသရဖူကိုလည်း မင်း လုံးဝ မယူလေနဲ့။


-မိုဃ်းဇော်

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ