ကိစ္စမရှိပါဘူး ညီမလေး
တစ်နေကုန်ဖို့ လွယ်ပေမယ့်
တစ်နေကုန်နေရဖို့ မလွယ်ဘူး
ရောင်နီလာဖို့ လွယ်ပေမယ့်
နေရောင်ကိုမြင်ရဖို့ မလွယ်ပြန်ဘူး
ဘယ်အရာမှ သိပ်မလွယ်ဘူးဆိုတာ
သိဖို့လွယ်ပြန်ရဲ့ လူ့ဘဝကမ္ဘာ ။
ဒုက္ခတွေ ဆန့်ကျင်ဘက်တွေ အပြည့်အသိပ်နဲ့
ဟောဒီလောက ရွေ့လျားထောင်ထဲ
မင်းဘက်က လက်ဖမိုးနဲ့ ငါ့ဘက်ကလက်ဖဝါးအတိုင်းမှာ
ညီမလေးရေ
မင်းရင်မခုန်တဲ့ ရခဲလှတဲ့ ကဗျာဆရာဘဝ
စစ်ဒဏ်ဗုံးဒဏ်ကြားက အရိုးပြိုင်းပြိုင်း
မီးလောင်ပြင်လည်း ဖြစ်ခဲ့ဖူးမှ
တုံးတိုက်တိုက် ကျားကိုက်ကိုက်
ရဲရဲတောက်စိတ်ဓာတ်မှာ
မီးသေမခံတဲ့ ဆေးလိပ်လိုလည်း ဖြစ်ခဲ့ဖူးမှ
အရွက်ကျရာ အပင်ပေါက်တဲ့
ရွက်ကျပင်လိုလည်းဖြစ်ခဲ့ဖူးမှ
ဟုတ်ရဲ့လား
အရက်အကြောင်းကို အရက်သမားကပိုသိသလို
ပင်လယ်အကြောင်းကို ပင်လယ်ပျော်ဓားပြက ပိုသိသလို
ကဗျာဆရာအကြောင်းလည်း ကဗျာဆရာကပိုသိရဲ့
သွေးနဲ့သားနဲ့ ခန္ဓာမှာ
အမှတ်တစ်မှတ်ကစခဲ့တဲ့ ငါတို့ဘဝတွေ
တစ်ချို့ လေယူရာယိမ်းလို့
တစ်ချို့ ကျောက်ဆောင်လိုမားမားမတ်လို့
ဘယ်တော့မှ မပြိုင်ဘူး/မဆုံဘူး
စိတ်ဘာသာဗေဒနဲ့ ရုပ်ဘာသာဗေဒမှာ
ဘယ်ဟာက ပိုလို့အရေးကြီးရဲ့
လမ်းမှားပြီးလျှောက်တော့ လမ်းသစ်ပဲဖောက်သလိုလို
အဲဒါကိုက လူ့ဘဝ လူဖြစ်ကျိုးလား
ကိုယ့်မြင်းကိုယ်စီးလို့ ကိုယ့်အိပ်မက် ကိုယ်မက်ကြ
မင်းကလည်း မင်းစိတ်အတိုင်းမင်း စီးဆင်းလို့
ငါကလည်း ငါ့ယုံကြည်မှုအတိုင်း ငါစီးဆင်းလို့
ဗဟိုနဲ့အကွာအဝေးမတူညီတဲ့ စက်ဝိုင်းသီအိုရီ
သဘောပေါက်ပါရဲ့
ဟောဒီ ငါမြင်နေရတဲ့ကဗျာဆရာဘဝ
ဗြုတ်ထနေတဲ့ ဖားပြုပ်တစ်ကောင်လို
သူ့ကိုယ်သူ အဆိပ်နဲ့လည်း ကာကွယ်ထားနိုင်ရဲ့ ။ ။
နိုင်ထက်နိုင်
ညီမလေးရေ...
ReplyDeleteရဲရဲရင့်ရင့်နေပါ။
ရဲရင့်တဲ့ညီမလေးကိုလည်း...
ချစ်မြတ်နိုးပါတယ်။