မုသားချို ဆိုမိပါရဲ့

 

မေမေက မသက်သာဘူး။ ထမင်းမစားတာ ၁၄ ရက်ရှိပြီ တဲ့။ ဆရာမကို စစ်ကြောင်းသတင်းတွေ၊ တိုက်ပွဲသတင်းတွေ မသိစေတော့နဲ့။ ပြေးရမယ်ဆိုခါမှ ထပြေးကြစို့လို့ ပြောပြီး ထွက်လာခဲ့မိတယ်။ 


စိတ်ထောင်းလို့ကိုယ်ကျေ တဲ့။ ပင်စင်ယူပြီးချိန်မှ နေအိမ်ပစ်ခွါ စစ်ရှောင်ဘဝကို ရောက်ရရှာတဲ့ဆရာမ။ ငယ်ငယ်ကဆို ခင်ပွန်းသည် တောင်သူကြီး အလုပ်လုပ်ရာတောကို တစ်နှစ်နေလို့ တစ်ခါ မရောက်တဲ့ ဆရာမ။ ကျောင်းဆရာမကို ယူထားတာကိုးကွ၊ ဘယ်က အကူရမလဲတဲ့။ ပတ်ဝန်းကျင်က စကြ ထေ့ကြလည်း ဆရာမရဲ့ ခင်ပွန်းဖြစ်သူ ဦးလေးဝင်းက အပြုံးမပျက်ခဲ့။ မနက်လင်းလာရင် ဆရာမအတွက် ထမင်းကြော်ပြီး၊ ထမင်းထုပ်ပေးပြီး အသင့်။ သူတောသွားချိန်မှ ဆရာမ အိပ်ရာထစမြဲ။ ညညဆို ဝမ်းမနာသား တပည့်တွေက အိမ်လာ စာကျက်ကြသကိုး။ နေ့တစ်နေကုန်စာသင်၊ ည စာကျက်တဲ့ကလေးတွေ ထိန်းကျောင်း။ ကျူရှင်မဟုတ်၊ ညကျောင်းမဟုတ်။ စေတနာ အခမဲ့ ညစာကျက်ဝိုင်း။ ဆန်ပြုတ်ဖိုး ၊ ဖယောင်းတိုင်ဖိုးတောင် ကုန်လိုက်ရသေး။ 


ခေတ်ကြီးပျက်တော့ အိမ်ကိုပစ်ပြီး တောတောင်ထဲ စစ်ရှောင်နေရတဲ့ဘဝကို ဆရာမ ရခဲ့ပြီ။ စစ်ကြောင်းထိုးလာသံကြားတိုင်း ယာတောကနေ တဆင့်ထပ်ခွါပြီး ပိုဝေးရာဆီ ထပ်ပြေးရတာလည်း အခါခါ။ သားရေ အေးချမ်းရဲ့လား၊ သားရေ ဘာသတင်းထူးသလဲ။ သားရေ စစ်သားတွေလာရင် ပြောပါဦး တဲ့။ ဆရာမ ယာတောဘက်ရောက်တိုင်း သားတပည့်ဖြစ်သူကို အားကိုးတကြီး မေးမြန်းရရှာတယ်။ ပြေးခါ အတူပြေးကြမယ်ဆိုတဲ့အကြောင်း ဆရာမ မစိုးရိမ်ပါစေကြောင်းအလို့ငှာ စစ်ကြောင်းက ဝေးပါကြောင်း၊ ခေတ်ကြီးလည်း အေးတော့မှာဖြစ်ကြောင်း မုသားရောစွက် သတင်းစကားတွေနဲ့ ဖေးမရတာ အခါခါ။ 


တပည့်ကြီးရဲ့ မုသားဖြူ မြူခိုးတွေလည်း အမှန်တရားမုန်တိုင်းက ဝုန်းခနဲသယ်ယူသွားတာ အခါခါ။ မဆိုးလောက်ပါဘူးဆိုတဲ့စကားတွေနောက်မှာ ဆရာမ အချစ်ရဆုံး သူငယ်ချင်းတစ်ယောက် စစ်ကြောင်းနဲ့တိုးလို့ ခေါင်းပွင့်ဒဏ်ရာနဲ့ ဆုံးပါးခဲ့ရ။ ဆရာမ အရင်းနှီးဆုံး မိတ်ဆွေတွေရဲ့အိမ်တွေ တစ်လုံးပြီးတစ်လုံး မီးရှို့ဖျက်ဆီးခံရ။ စစ်ရဲ့ ဆိုးယုတ်မှုသတင်းတွေက ဆရာမ ရင်ထဲ တဒိုင်းဒိုင်းမှန်ပြီပေါ့။ အဲသလို မုသားဖြူတွေပျယ်သွားတိုင်း ဆရာမ မျက်နှာမကောင်း။ တပည့်ကိုလည်း အပြစ်မဆို။ အဝေးက ရွာနဲ့ အဝေးက အိမ်ကလေးဆီ ပိုပိုငေးရီမြဲ။ 


အခု အန်ရှုးဝါး ၃ ဘူးဝယ်ထားတယ်။ မြို့ပေါ်ဆေးခန်းမှာ ၁၀ ရက်ကျော်ကြာခဲ့သေး။ တောမှာ အဖေတစ်ယောက်တည်း မြေးနဲ့ထားခဲ့ရ‌တာဆိုတော့ အဖေလည်း အားငယ်ဟန်တူတယ်။ ပြန်ရောက်တော့ သူက လဲနှင့်ပြီ။ ညနေတော့ ဆလိုင်းသွင်းဦးမယ်။ ဆီးချိုတွေလည်း တက်နေတယ်။ 


ဆရာမရဲ့ တစ်ဦးတည်းသော သမီးမှာလည်း ခုနေ နှစ် ကိုယ် သုံးကိုယ် ခွဲချင်တယ်လို့ ညည်းရလေရဲ့။ မိအိုကို ကုသဖို့အသွား ဖအိုက အထီးကျန်အားငယ်ရာက ဝေဒနာဆွပေးသလိုဖြစ်ရတာကိုး။ ဒီကြားထဲ စစ်ကြောင်းထိုးလာပြီး ရွာကို မွှေ။ မီးရှို့သွားလိုက်ကြတာ။ ဆွေစုံမျိုးပုံ ပါပြန်ပါရောလား။ နောက်တစ်လှည့် နောက်တစ်ခါ ငါ့အိမ်များလားဆိုတဲ့ အတွေးနဲ့ သောကတွေ တက်ပြီး အိပ်မရညများ။ မြို့ပေါ်က ပြန်မလာနိုင်သေးတဲ့ ဇနီးကို ဖုန်းဆက်တော့ ဖုန်းလိုင်းတွေက တိမ်လိုက် ပျောက်လိုက်။ ဘာပြောသလိုလို။ စိတ်မကြည်တော့ ပိုဒေါသထွက်ရ။ အဲလိုနဲ့ ဖုန်းလည်း သိပ်မဆက်ဖြစ်တော့။ 


နွေနေက အတော်ပူတယ်။ တောနေစဉ် စိုက်ခဲ့တဲ့ သစ်ပင်ဝါးပင်လေးတွေကြောင့် ခံသာသလိုတော့ ရှိသေး။ ဒါပေမဲ့ လေပူတွေ ဝေ့လာရင်တော့ အတော်ခံရခက်တဲ့ အပူကို ခပ်စပ်စပ်လေး ဖြတ်သန်းရတယ်။ လက်က ယပ်တောင်ကိုတောင် သိပ်ချက်မှန်မှန် မခတ်ချင်တော့တဲ့ အခြေအနေကိုး။ လေပူတွေက ထားပါဦး။ သတင်းပူပူတွေနဲ့ ယှဉ်ရင် မပြောပလောက်တဲ့ အပူပါလို့ ဦးလေးဝင်းက တိုးတိုးစကားဆိုညည်းရှာတယ်။ 


ဘယ့်နှယ်ကွာ။ ငါတို့ရွာကို မြေပုံထဲက အပျောက်ဘဲလို့ ဥုးဇင်းလေးဆီ ပြောထားခဲ့သတဲ့။ ဘုန်းကြီးကျောင်း တစ်ကျောင်းရှိရင် တစ်ကျောင်းကျန်မယ်၊ နှစ်ကျောင်းရှိရင် နှစ်ကျောင်းကျန်မယ်၊ ကျန်တာ မမျှော်နဲ့လို့ ဆိုသွားသေးသတဲ့။ ဒီကောင်တွေကွာ။ 


ကောလာဟလတွေနေမှာပါ ဦးရယ်။ တွေး မပူပါနဲ့။ သူတို့အကုန် မီးမရှို့နိုင်ပါဘူးလို့ မုသားတွေထပ်သုံးရပြန်တယ်။ ကိုယ် မပျော်ပါဘူး။ 


နောက်နေ့တော့ အဖေနဲ့ အမေ ပူစာလွန်းလို့ဆိုပြီး သမီးဖြစ်သူက အိမ်မှာချန်ခဲ့တဲ့ ဆက်တီစားပွဲနဲ့ ကုလားထိုင် အစုံရယ်၊ အိပ်ခန်းထဲက ကျွန်းသား ကုတင်ကြီးရယ်ကို အကူ အငှားတွေအားနဲ့ တောသယ်ခဲ့ရလေရဲ့။ အဖေနဲ့အမေ သူတို့ပိုင်ဆိုင်တာလေးတွေ မြင်ရတော့ အတော်တော့ စိတ်ချမ်းသာသွားဟန်တူတယ်။ ဒါပေမဲ့ အိမ်မှာ မသယ်နိုင်ဘဲ ထားခဲ့ရတာတွေ အများကြီးပဲ။ ဘယ်တတ်နိုင်မလဲ။ ပါလည်း ပါပေါ့ တဲ့။ 


တဲရှေ့ သရက်ပင်အောက်မှာ ပေါ်လစ်သားအိပြီး တောက်ပြောင်နေတဲ့ ဧည့်ခံစားပွဲ၊ ကုလားထိုင်တွေက အစီအရီ။ ဆရာမက သည်မှာထိုင်ရင်း တပည့်ဖြစ်သူကို ရေနွေးကြမ်း ဧည့်ဝတ်ပြုရင်း စကားပြောတယ်။ ရောက်တတ်ရာရာ စိတ်ပြေရာပြေကြောင်းစကားတွေဆိုပါတော့။ အချိန်ကြာပြီမို့ ပြန်ဖို့ နှုတ်ဆက်ပြီး ထိုင်ရာကအထ ဆရာမက လှမ်းမေးပြန်တယ်။ 


သားရေ ဆရာမတို့နေတဲ့ ဒီ တောဘက်တွေတော့ စစ်ကြောင်းထိုး မလာလောက်ဘူးမို့လား။ တဲကလေးပါ မီးရှို့ခံရမှာ ကြောက်တာ တဲ့။ 


ခါတိုင်းလိုပဲ ပေါ့ပါးပါစေကြောင်းရည်ရွယ်ပြီး ကျွန်တော့် ပြန်ဖြေခဲ့တဲ့စကားဟာ ဒီတစ်ကြိမ်တော့ မှန်လိုက်စေချင်မိပါရဲ့။ 


"သူတို့ မလာပါဘူး ဆရာမ။ ခေတ်ကြီးလည်း အေးတော့မှာပါ။ "


ဘယ်သူပျော်နိုင်မှာလဲ။ ပိတောက်တွေတောင် လျစ်လျူရှုခံဘဝနဲ့ နောက်ထပ်တစ်ကြိမ် ပွင့်ကြပြန်လေပေါ့။


မောင်မင်းဒီ

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ