ကွန်မြူနစ်ကလေးကိုချစ်သေးရင်
ပန်းပန်ထားတဲ့ မခင်နန်းဆန်ဟာလှပါတယ်
အာဏာဖီဆန်ပြီး တော်လှန်ပန်းသာပန်လိုက်ရင်
မခင်နန်းဆန်ဟာ ဒီထက် ပိုလှမှာပဲ ။
လီနင်ပြောတဲ့
နိုင်ငံတော်ဆိုတာဖိနှိပ်ရေးယန္တရား အောက်မှာ
ကျနော်ဟာ ဘယ်လိုခွေးသွားစိပ်မျိုးမှအဖြစ်မခံနိုင်
ကျနော်ဟာ ဘယ်လိုချောဆီမျိုးအဖြစ်မှမပါဝင်နိုင်
ဖက်ဆစ်တပ်ရဲ့ဝီစကီခွက်ထဲက ရေခဲတုံးထက်
အဖိနှိပ်ခံလူထုရဲ့
ထမင်းကြမ်းခဲတုံးသာဖြစ်ချင်တယ်
ဗျူရိုကရက်တွေရဲ့ မျက်နှာသုတ်ပုဝါတထည်ထက်
ပန်းရံသမလေးတယောက်ရဲ့
ချွေးခံအင်္ကျီသာဖြစ်ချင်တယ်
ရင်ကြားစေ့ရေးစားပွဲဝိုင်းထဲက
မိုက်ခရိုဖုန်းတလုံးထက်
အလုပ်သမားတွေအတွက်
အရက်ဖြူတလုံးသာဖြစ်ချင်တယ်
ဟိုချီမင်းကို အားကျ
ရဲဘော်ချေကို အားကျ
သခင်ဗဟိန်းကို အားကျ
ဥက္ကဌကြီးမော်ကို အားကျ
ငုယင်ဗန်ထရွိုင်းကို အားကျ
ဂျူးလိယက်ဖူးချစ်ကို အားကျ
ကျနော့်လူငယ်ဘဝလေးဟာ
အဖိနှိပ်ခံခေတ်ထဲ သူရဲကောင်းတွေတထွေးကြီးနဲ့
ကျနော့်ရဲဘော်တွေလည်း အရွယ်မတိုင်ပဲ
မိဝေးဖဝေး
တောအထပ်ထပ် ထောင်အသွယ်သွယ်
ဟိုးအဝေးကိုပြေးရ
ဒီနေရာမှာ
“အချစ်ကြောင့်ပဲကွန်မြူနစ်ဖြစ်ခဲ့ရ”ဆိုတဲ့
(ဆရာ)နိုင်ဝင်းဆွေစာသား ထပ်မံကိုးကားပါရစေ
သိန်းဖေမြင့်ရဲ့မငွေစိန်ကို စာနာတယ်
နိုင်ဝင်းဆွေရဲ့မသိန်းရှင်ကို ချစ်တယ်
ဗန်းမော်တင်အောင်ရဲ့အမေကို လေးစားတယ်
ကျနော်တို့ဟာမြိုင်ဝတ္ထုထဲက
ကိုတင်ဦးမဖြစ်နိုင်ရင်တောင်
ဓားတောင်ဝတ္ထုထဲက
ကိုသံချောင်းလိုစိတ်မျိုးထားရမယ်
သတိရတယ် မခင်နန်းဆန်ရယ်
မောင်လေးအောင်ကဗျာတွေနဲ့
ရဲဘော်ချေဂွေဗားရားရဲ့
ပြောက်ကျားစစ်အကြောင်း
လရောင်အောက်ကမိုးမခပင်တွေကြား
နှစ်ဦးသားဆွေးနွေးချင်ပါသေးတယ်
တနေ့မှာတော့
ဗားကရာချောက်ကိုဖက်ဆစ်အရိုးနဲ့ ဖို့ရမှာပေါ့
ပစ္စည်းမဲ့များအတွက်
နှောင်ကြိုးမှတပါး ဆုံးရှုံးစရာအခြားမရှိဆိုလည်း
မခင်နန်းဆန်ဟာ
ကျနော်ဖြတ်ဖို့ခက်တဲ့ နှောင်ကြိုးကြီးပဲ
“အမှားများမှတဆင့်
မီးရှူးတန်ဆောင်ဖြစ်သင့်တယ်”
ဥက္ကဌကြီးမော်ဟာ ကျနော်တို့ကို ဒီလိုသွန်သင်တယ်
မှန်မှန်ဖြေပါ မခင်နန်းဆန်
မန်းလေးဝရမ်နဲ့မခင်နန်းဆန်ကို ကြိုက်တဲ့
ဆံပင်ရှည်ရှည်နဲ့ခေတ်ပေါ်ကဗျာတွေ ဖတ်တဲ့
လက်ဖက်ရည်ကျဆိမ့်နဲ့ဆေးပေါ့လိပ်ကို မက်တဲ့
ဒီမောင် ကွန်မြူနစ်ကလေးကို ချစ်သေးရင်
ဟော်နန်းကုန်းပေါ်ကအမြန်ဆင်းခဲ့စမ်းပါ
မခင်နန်းဆန် ။
-လွှေး
၂ ၀ ၂ ၁
ရည်ညွှန်း - (ဆရာ)အောင်မှူးဝေ - ကွန်မြူနစ်ကလေးကိုမေ့လိုက်ပါ
Done!
ReplyDeleteDone💪💪💪
ReplyDeleteDone
ReplyDelete