ငါ့အတွက် အိမ်လိုတယ်
ငါ့အတွက် နေစရာ လိုတယ်
နေစရာဆိုတာ အိမ်ပေါ့
ဘယ်လိုအိမ်မျိုးလဲ
ဗီလာလား၊ ကော့တိတ်ချ်လား
ဘန်ဂလိုလား၊ ကန်ထရိုက် တိုက်ခန်းလား
ကွန်ဒိုလား၊ အာရ်စီပတ်ကား နှစ်ထပ်တိုက်လား
ပျဉ်ထောင်အိမ်လား၊ သုံးပင်နှစ်ခန်းလား
လေးပင် သုံးခန်းလား
ခြံစည်းရိုးမှာ ပုဏ္ဍရိက်ပင်တန်းလေးတွေနဲ့လား
ဓနိမိုး ထရံကာ ဝါးတဲလေးလား
ငါ့အတွက် အိမ်လိုတယ်
ဘာကြောင့်လဲဆိုတော့ ငါဟာ လူဖြစ်လို့
ငါ့အတွက် နန်းတော် မလိုဘူး
ငါ့အတွက် ရဲတိုက် မလိုဘူး
ငါ့အတွက် လှောင်အိမ် မလိုဘူး
ငါ့အတွက် ဂူ မလိုဘူး
ဘာကြောင့်လဲဆိုတော့ ငါဟာ လူဖြစ်လို့
ငါ့အတွက် အိမ်ပဲ လိုတယ်
ငှက်တွေအတွက် အသိုက် လိုသလိုမျိုး
ကြွက်တွေအတွက် တွင်း လိုသလိုမျိုး
ငါနေခဲ့ဖူးတယ်
ဟိုတယ်တွေ၊ ဂတ်စ်ဟောက်တွေ
တည်းခိုခန်းတွေ၊ အပါ့တ်မင့်န်တွေ
ဒါတွေဟာ ခေတ္တပဲ
ဒါတွေဟာ ယာယီပဲ
ငါ့အတွက် နေစရာ လိုတယ်
ငါ့အတွက် အိမ်လိုတယ်
ငါ့အိမ်မှာ ရေကူးကန် မလိုဘူး
ပန်းခြံ မလိုဘူး၊ တင်းနင်းကုတ် မလိုဘူး
ဆားဗင့်ကွာတာ မလိုဘူး၊ မြင်းဇောင်း မလိုဘူး
ငါ့အတွက် အိမ်လိုတယ်
သောက်ရေတွင်းရှိတဲ့
အိမ်သာရှိတဲ့
လေကောင်းလေသန့်ရှိတဲ့
ပျော်ရွှင်မှုရှိတဲ့
မေတ္တာတရားရှိတဲ့
လွတ်လပ်မှုရှိတဲ့
အဲဒီလိုအိမ်မျိုး လိုချင်တယ်
ကလေးဘဝက မိခင်ရင်ခွင်ထဲမှာ နေရသလိုမျိုး
လုံခြုံစိတ်ချရတဲ့ အိမ်မျိုး လိုတယ်။ ။
- လှသန်း
Done!
ReplyDeleteFight for freedom
ReplyDeleteDone
ReplyDelete