ကဗျာ ကဏ္ဍ

 စစ်ပွဲပြီးတော့ ငါ့မိတ်ဆွေအကုန်နီးပါးသေကုန်ပြီ၊ 

အဲ့ဒီမှာစောက်ရေးမပါတဲ့နှင်းဆီတွေပွင့်တုန်းလား___


အံ့ဩဖို့ကောင်းတာက ဒိုင်ယာရီထဲက တစ်ရွက်ချင်း

တစ်ရွက်ချင်းစီမှာ မိတ်ဆွေတစ်ဦးမဟုတ်တစ်ဦးရဲ့

နာရေးကိစ္စတွေ၊ အိပ်ဆေးတစ်မျိုးမျိုးတော့ စစ်ဒဏ်က ပြေးလွတ်လာသူတွေဆီမှာဆောင်ထားရတယ်

ငါတို့မိုင်းအများကြီးလုပ်ကြတော့ အဆာပလာတွေ

သွပ်ရ၊ ငရုပ်ပွသီးထဲအသားဖတ်တွေထည့်သလိုပါပဲ

ငါနဲ့အတူမိုင်းလုံးတဲ့မိတ်ဆွေတချို့ ငရုတ်ပွရဲ့ အရသာ

ကောင်းကောင်းမသိသူတွေ၊

ဒါကြီးပြီးရင် ခင်ဗျားကို ငရုပ်ပွအစာသွပ်လုပ်ကျွေးမယ်

ငါကတိပေးမိခဲ့တဲ့ရဲဘော်မိတ်ဆွေဟာ ဒါကြီးမပြီးခင်ပဲ

လူမသိသူမသိ မြေဆီလွှာတစ်လွှာထဲမှာ နေထိုင်ရှင်သန်

သွားပြီ တစ်ယောက်ယောက်တော့ကျန်သင့်သေးတယ်

မြို့တော်ဥယျာဉ်တစ်ခုထဲ ၀င်ရှာကြည့်ရင်းတွေ့လိုက်တာ မြို့ပြစရိုက်ရှိတဲ့ သုံးဆယ်ကျော်အမျိုးသား/သမီး

များစွာ ငါဟာတစ်ယောက်ကိုမှ မသိကျွမ်းဖြစ်နေတာ

ငါမြင်စိတ်ထဲမှာ ‌ရိုင်ဖယ်ကိုင်ထားတဲ့ ငါ့မိတ်ဆွေ

ကိုလောရှည်၊ ပြင်ဆင်ရတာတွေကိုမနှစ်မြို့ပေမယ့်

ငါတို့တစ်သိုက်စစ်ပွဲအတွင်းမကြာခဏပြင်ဆင်ရတယ်

ခြေလျင်မိုင်‌များများလျှောက်ဖို့ ကိုယ့်ကျန်းမာရေးကို

ကြိုတင်ပြင်ဆင်ရတယ်၊ အကောင်းဆုံးပြင်ဆင်မှုတစ်ခုအဖြစ် ခေါက်ဆွဲခြောက်တွေကိုရေနွေးပွက်ပွက်ဆူထဲ

ထည့်သုံးမိနစ်ပြုတ်ဖို့ပြင်ဆင်ရတာပဲ

ငါဟာဘာကိုမှကောင်းကောင်းမမှတ်မိပေမယ့် 

မီး‌မရှိတဲ့တောအုပ်ပုပုထဲ ငါတို့ခေါင်းတွေပု၀င်နေအောင်

ကြိုးစားပမ်းစားပုရတာကို မှတ်မိနေသေးတယ်

သွေးနံ့တွေဆိုတာတကယ်မုန်းတီးရွံရှာဖွယ်ကောင်းတာ

သိပေမယ့် အဲ့ဒီသွေးနဲ့ယက်လုပ်ထားတဲ့ ပေါင်မုန့်တွေ

ပါးစပ်အပြည့်ထိုးထည့်ရတာကို နှစ်ခြိုက်မိခဲ့တယ်

ရန်သူဟာ ငါတို့ကို ချယ်ရီသီးနဲ့ဖောက်ထားတဲ့ဝိုင်တွေ

အလကားနီးပါးပေးတုန်းက ငါမိတ်ဆွေတစ်ယောက်

အားရပါးရသောက်ပြီး ဟေးး ဒီနေ့ညကိုငါပိုင်တယ်၊

ငါ့ခန္တာကိုယ်က ချယ်ရီဝိုင်တွေအပြည့်စီးဆင်းမြစ်‌တစ်ခု

ဖြစ်နေပြီလို့အော်ပြောခဲ့တယ်၊ ငါမမှတ်မိတာများတယ်

ဒါပေမယ့်စစ်ပွဲက ငါတို့မမှတ်မိချင်ဆုံးမှတ်ဉာဏ်တွေကို

သိမ်းဆည်းနိုင်စွမ်းရှိတဲ့ ဟာ့ဒစ်တစ်လုံးပဲ၊ အခုစစ်ပွဲ

ပြီးပြီ ရန်သူလက်နက်ချပြီ၊ ငါ‌တကယ်ပျော်လားမေးရင်

စစ်က ငါ့ဦးနှောက်ဆဲလ်တွေအကုန် တစ်စစီရိုက်ချိုးလိုက်လို့ ငါမဖြေတတ်ဘူးပဲ။ပြောရမယ်။ ပန်းခြံထဲက

ခုံတွေပေါ်မှာ ငါ့မိတ်ဆွေတစ်ယောက်ချင်းစီရဲ့

ရုပ်လွှာကို သမထကျင့်သလို တဖွဖွမြင်ယောင်ကြည့်မိ

စောက်အာရုံနောက်စရာ နှင်းဆီပန်းတွေက ငါ့သမာဓိကို

တရဲရဲလာပွင့်ပြနေတယ်၊ ဘော..

စစ်ပွဲမပြီးခင်ကတည်းက မင်းတို့အားလုံး ညှိုးခြောက်သွားသင့်တာ၊မင်းတို့ဆူးတွေအကုန်ကျိုးကြေသွားသင့်၊ငါကျိန်ဆိုပါတယ် ၊ငါ့မိတ်ဆွေတွေအားလုံးသေကုန်ပြီ

ငါလည်းမြန်မြန်ရောက်ပါစေတော့


PlugX

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ