ဘဝထဲမှ ကြယ်မှုန်ကြယ်မွှားများ
စည်းတွေ . . ဘောင်တွေ။ နေသားတကျ ရှင်သန်ခဲ့ရတဲ့ ပတ်ဝန်းကျင်။ မပျော်ဘူး။ ငါ လုံးဝ မပျော်ဘူး။ မနေချင်တော့ကြောင်း ပြောပိုင်ခွင့်လည်း ငါ့မှာ မရှိဘူး။ ငါ့လည်ပင်းကို လျှာပေါင်းများစွာက ချုပ်နှောင်ထားပြီးတဲ့နောက်။ ငါ့ဘဝကို လက်ညိုးပေါင်းများစွာက ထိန်းချုပ်လာပြီးတဲ့နောက်။ ငါဟာ စက်ရုပ်တစ်ရုပ်လို။
ဘဝက ခွမ်းခနဲ ကျကွဲသွားတဲ့ မှန်တစ်ချပ်။ ပြန်ဆက်တော့လည်း အက်ကြောင်းတွေ အထပ်ထပ်။ အနာဂတ်တွေ ယိုင်ထိုး ယိုင်နဲ့။ မထိုက်တန်သူဆီ ယုံကြည်မှုတွေ ပေးခဲ့လို့ ဖြစ်မယ်။ နောက်ကျောကို ဓားနဲ့ ထိုးမယ့် သူတွေ . . ချောင်ထိုးခံရမှုတွေ ငါ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လို့လာခဲ့။ ကျောက်တုံးကို အရည်ပျော်မယ် အမှတ်နဲ့ ရေလောင်းခဲ့မိတဲ့ ငါ။ တစ်ယောက်ထဲ အမှောင်ကျနေတယ်။ အလင်းရောင် ဆိုတာ အစရှာလို့ မရ။
ဒင်္ဂါပြားတစ်ခုကို တောက်ထုတ်လိုက်တယ်။ ခေါင်းကျကျ . . ပန်းကျကျ ငါ့စိတ်တွေ ပြန်ကောင်းမလာတာတော့ ခက်တယ်။ အဓိပ္ပါယ်မဲ့တဲ့ ဒီလောကကြီးထဲ ငါဟာ တွယ်ရာမဲ့တဲ့ သေလူ။ ပျော်ရွှင်မှုကပဲ ပုန်းနေခဲ့တာလား။ ငါကပဲ မမြင်ချင်ယောင်ဆောင်လိုက်တာလား။ မရေမရာပါပဲ။ ကြိုးတပ် တူရိယာ အမျိုးမျိုးကို တီးတယ်။ မျှော်လင့်ထားသလို အဝါရောင် သံစဉ်တွေ ထွက်မလာဘူး။ ထိုးကျနေတဲ့ စိတ်က ပိုကျသွားတာပဲ အဖက်တင်တယ်။ ဘာလုပ်လုပ် အဆင်မပြေလာတာတော့ မခက်ပေဘူးလား။
ငါက အမြဲ ပြုံးနေတတ်တယ်။ လူတွေက ငါ့ကို စိတ်ညစ်စရာတွေ မရှိဘူးလို့ ထင်တတ်ကြတယ်။ လောကမှာ အပေါဆုံးက မျက်နှာဖုံးနဲ့ အပြုံးတုတွေ မဟုတ်လား။ ပြုံးနေတိုင်း ပျော်နေတယ်လို့တော့ ဘယ်ဟုတ်မလဲ။ မျက်ရည်တွေ ကျမှာဆိုးလို့ ခေါင်းမော့ထားတာလည်း ဖြစ်ချင်ဖြစ်နိုင်တာပဲ။ ငါလည်း နှလုံးသားနဲ့ လူပါ။ နာကျင်စရာတွေ ရှိမယ်။ ဝမ်းနည်းစရာတွေ ရှိမယ်။ အခန်းထောင့်မှာ ကျိတ်ငိုခဲ့ရတဲ့ အချိန်တွေလည်း ရှိဖူးမယ်။
ထွေထွေထူးထူး မဟုတ်ပါဘူး။ ကြာလာတော့လည်း နာကျင်ခြင်းနဲ့ အသားကျလာ။ အထီးကျန်ခြင်းဆိုတာ ငါနဲ့ လင်လို မယားလို။ ရန်လိုခြင်းက အိမ်ဦးခန်းမှာ။ သိပ်ကို မက်မောပါတယ်ဆိုတဲ့ အရာတွေ စိတ်ထဲမှာ မရှိဘူး။ မေတ္တာ ရောင်ပြန်ဟပ်ပါတယ်ဆိုတဲ့ စကားတွေ မလိုဘူး။ ပျော်ပျော် မပျော်ပျော် အမြဲ ပြုံးထားမယ်။ ကျန်တဲ့ ကိုယ့်သက်တမ်း တစ်ဝက်ကို ကာထားတဲ့ နံရံတွေရဲ့ ဝေးဝေးမှာ နေမယ်။ ခလုတ် ထိမှတော့ အမိလည်း မတတော့ဘူး။ ဆက်လျှောက်လှမ်းမယ့် ဘဝမှာ ကိုယ် ယုံကြည်ရာ အမှန်တရားပါပဲ . . ။
SawYuWai
PoetryZone
Done!
ReplyDeleteDone!
DeleteDone
ReplyDeleteNot feeling 😌
ReplyDeleteဟုတ်ကဲ့
ReplyDeleteကိုယ့်တရားကိုယ်နာပြီး
ကိုယ့်လမ်းကို
ကိုယ်လျှောက်ပါမယ်