တော်လှန်ရေးဟာ လှိုင်းလုံးပမာ
လက်ရှိ နွေဦးတော်လှန်ရေးမှာ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ရဲ့ ခေါင်းဆောင်မှုဆိုတာ လုံးဝမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူက ဦးဆောင်ခဲ့တာထင်ရှားနေလို့ပါပဲ။ အာဏာစသိမ်းတဲ့အချိန်မှာ အွန်လိုင်းပြည်သူ့လှုပ်ရှားမှုတွေပေါ်ခဲ့တယ်။ အင်တာနက်တွေဖြတ်လိုက်တဲ့အခါ လူငယ်တွေ လမ်းပေါ်ထွက်လာတယ်။ တက်ကြွလှုပ်ရှားသူတွေ ကျောင်းသားသမဂ္ဂတွေပါ ပါဝင်လာတယ်။ နိုင်ငံ့ဝန်းထမ်းCDM လှုပ်ရှားမှုစတင် လာတယ်။ အဲဒီနောက် မှ လွှတ်တော်ကိုယ်စားပြုကော်မတီဖွဲ့ပြီး နိုင်ငံရေးဦးဆောင်မှုက နောက်ကလိုက်လာ တာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိတော်လှန်ရေးဟာ ပြည်သူတွေရဲ့ စုပေါင်းခေါင်းဆောင်မှုနဲ့ပေါ်ထွက်လာတဲ့တော်လှန်ရေးလို့ခေါ်ရတာဖြစ်ပါတယ်။
တော်လှန်ရေးမှာ တက်လာတဲ့အဆင့်တိုင်း အဆင့်တိုင်းကိုလည်းပြည်သူတွေကပဲဦးဆောင်ခဲ့တာဖြစ်ပြီး နိုင်ငံရေး ဦးဆောင်မှုတွေဟာ နောက်က လိုက်ခဲ့ရတာပဲဖြစ်ပါတယ်။ ဥပမာ လက်နက်ကိုင်တော်လှန်ရေးထောက်တိုင်ပေါ်ပေါက် လာရာမှာလည်း စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ် ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဆိုတာ ပေါ်ပေါက်မလာခင်ကပဲ ရရာလက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြတာပါ။ ဒါဟာလည်း ပြည်သူဦးဆောင်တယ်လို့ပဲ ပြောလို့ရတယ်။ ဆိုလိုချင်တာက ဒီတော်လှန်ရေးမှာ ဘယ်အစုအဖွဲ့ ဘယ်အင်အားစုကမှ မရှိမဖြစ်ဆိုတာ ရှိမနေပါဘူး။
ပြည်သူဦးဆောင်တဲ့ တော်လှန်ရေးဟာ လှိုင်းလုံးတွေနဲ့ တူပါတယ်။ ပထမရိုက်ခတ်လိုက်တဲ့ လှိုင်းလုံးကရေတွေ ဟာ ဒုတိယမြောက်လှိုင်းလုံးမှာ ပြန်ပါချင်မှပါမှာဖြစ်ပါတယ်။ တတိယရိုက်ခတ်တဲ့လှိုင်းလုံးမှာ ပထမက ရေတွေပြန် ပါလာချင် ပါလာမှာဖြစ်သလို နောက်ထပ် ရေအသစ်တွေလည်း ပါလာချင် ပါလာမှာပါ။ တစ်နည်းအားဖြင့်ဆိုရရင် ဘယ်အစုအဖွဲ့ မပါဝင်တာ ဘယ်အစုအဖွဲ့ ကျောခိုင်းသွားတာ တွေဟာ ပြည်သူအဓိကဖြစ်နေတဲ့ တော်လှန်ရေးမှာ အများကြီး အရေးပါနေမှာမဟုတ်ပါဘူး ရာသီဥတုအခြေအနေကိုလိုက်ပြီး လှိုင်းကြီးချင်ကြီးပါမယ် လှိုင်းသေး ချင်သေးပါလိမ့်မယ်။ ဒါပေမဲ့ စဉ်ဆက်မပြတ်ရိုက်ခတ်နေဦးမှာပါပဲ။
ဒါကြောင့်တော်လှန်ရေးမှာ ဘယ်သူထွက်သွားလို့ ဘယ်သူဝင်လာလို့ဆိုပြီး အားလျော့ စိတ်ပျက်သွားတာ ထက် စဉ်ဆက်မပြတ်သွားရမဲ့ဖြစ်စဉ်အဖြစ် ပြည်သူက အဓိကဦးဆောင်ပြီး လှိုင်းလုံးနဲ့ ကမ်းစပ်လို့ အမြဲရိုက်ခတ်နိုင်မယ် ဆိုရင် တချိန်ချိန်မှာ အောင်မြင်လာရမှာပဲဖြစ်တယ်လို့ဆိုချင်ပါတယ်။ နေဝင်ရာနောက်ကိုလိုက်ပြီး ကြေကွဲ နေတာထက် တော်လှန်ရေးဆိုတဲ့သဘောတရားကိုပိုက်ပြီး နေအထွက်ကို စောင့်မျှော်ရင်းရှေ့ဆက်ကြရမှာပဲဖြစ်ပါတယ်။ လူပုဂ္ဂိုလ်အစုအဖွဲ့ပေါ်မူတည်တဲ့ တော်လှန်ရေးထက် ပြည်သူကို အခြေခံတဲ့တော်လှန်ရေးဖြစ်ဖို့ ကျွန်တော်တို့အားလုံး ဝိုင်းဝန်းကြိုးစားကြရမှာပဲဖြစ်ပါတယ်။
အယ်ဒီတာ
တူမီး- တော်လှန်ရေးစာစဉ်
Done!
ReplyDeleteFighting
ReplyDeletedone
ReplyDeleteDone
ReplyDelete