Dear Comrade

 ချစ်သောသွေးသောက်ရဲဘော်ရေ...

တစ်ယောက်ဖီဆန်ရင်

တစ်နိုင်ငံလုံး ပုန်ကန်မှာပဲ။

အာရပ်နွေဦးလို

သန်းနဲ့ချီတဲ့လူထုပုန်ကန်မှုကြီး

အင်ဒိုချိုင်းနားကျွန်းဆယ်မှာ ပေါက်ဖွားလာပြီ။


ဟီရိုရှီးမားကို ဖြိုချလိုက်တဲ့ဗုံးထက်...

မြန်မာသူရဲကောင်းတွေဆီက

ကန်ထွက်လာတဲ့အသံဟာ

ပိုလို့ကျယ်လောင်တယ်။


ကမ္ဘာ့ကပ်ရောဂါ ဗိုင်းရပ်စ်ကိုရိုနာထက်

လမ်းမပေါ်ဖြာထွက်လာတဲ့

သွေးစက်တွေရဲ့

အာဏာဖီဆန်ရေးဘက်တီးရီးယားဟာ

ပိုမိုကူးစက်လွယ်တယ်။


ချစ်သောသွေးသောက်ရဲဘော်ရေ...

မြစ်ဆိုတာ

ကျဥ်းမြောင်းနောက်ကျိလေ...

သာလွန်ကွေ့ကောက်စီးဆင်းလေပါ။

မင်းမှာလည်း 

ကိုအောင်ကျော်လို

ရဲဝံ့လှေကလေးလိုတယ်။

ငါ့မှာလည်း

ကိုအောင်ဆန်းလို

စွန့်လွှတ်လှော်တက်လေး လိုပေမပေါ့။

ဖက်ဆစ်ဝါဒီစနစ်ဆိုးကြီးရဲ့

ကျဥ်းမြောင်းနောက်ကျိစီးဆင်းမှုတွေကို

မကြောက်တမ်းတရားနဲ့

အတူကူးဖြတ်ကြမယ်ကွယ်။

ငါတို့ဟာ

သမဂ္ဂအလံတော်အောက်မှာတည်ရှိသော

ချစ်သောသွေးသောက်ရဲဘော်တွေမဟုတ်လား။


ချစ်သောသွေးသောက်ရဲဘော်ရေ...

ခုဆို

လန်ဒန်မြို့လယ်က လေကိုရှူရသလို

တောင်တန်းရော ပြည်မပါ

လူ့လွတ်လပ်ခွင့်တွေ အသက်ရှူမဝဘူး။


နွားတင်းကုပ်ကစလို့

ဘုရားကျောင်းတွေအဆုံး

အာဏာရှင်တွေရဲ့အလိုကျ

ရာသီသုံးပါးလုံး မီးလောင်ပြာကျနေရတယ်။


အသက်ကယ်ဖို့

အရေးပေါ် အသက်တွေလိုသတဲ့။

စစ်မီးငြိမ်းဖို့

စစ်ပွဲကြီးတစ်ခုလိုသတဲ့။


ချစ်သောသွေးသောက်ရဲဘော်ရေ...

ငါတို့အနာဂတ်ဟာလည်း

မြိုင်ရာဇာတွတ်ပီရဲ့ 

ပစ်ကွင်းထဲက သားကောင်တွေလို

လာမယ့်ဘေး ထိပ်တိုက်ရင်ဆိုင်မှလွတ်မှာ။


- နှင်းရိပ်နွေ

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ