နေမြဲလား...သေရဲလား



တရားဓမ္မကို သံချေးမတက်လိုရင်

 မည်းမှောင်ညတို့ရဲ့ ဓားအိမ်မှာ

နေသားမကျချင်နဲ့။

ဓားဆိုတာ

သွေးရဲနေဖို့လိုတယ်။


ဗွီအိုင်ပီပွဲကြည့်စင်ကနေ

လက်ခုပ်လက်ဝါးလေးတီးနေရုံနဲ့

ခေတ်ဆွေးကြိုးဝိုင်းထဲ

ပုံလျက်သားလဲကျနေတဲ့ နိုင်ငံတော်ကို

ထောင်ထောင်မားမား ပြန်ထမလာစေဘူး။


အာသာဖြေတာဟာ

အာသာပြေရုံပဲ ကောင်းပါတယ်။

မယုံရင် ...

ဂျနီဖာလိုးပက်ဇ်ရဲ့ တင်တွေကိုကြည့်...။

မိန်းမသားတစ်ယောက်ဆို

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ 

ဝမ်းပျဥ်းကြွက်သားတွေကိုကြည့် ...။

ဦးခေါင်းဆီ စနိုက်ပါနဲ့ချိန်ပစ်ခံရတဲ့ 

ဘယ်မျက်နှာကိုမှ မကြည့်နဲ့။


ဆိုရှယ်မီဒီယာခေတ်မှာ 

လူဖြစ်ရတာဟာ လွယ်ရဲ့။

အရှင်လတ်လတ်မီးရှို့ခံရတာပဲဖြစ်ဖြစ် ...

လက်သုံးချောင်းထောင်လို့

တိုက်ပေါ်က ခုန်ဆင်းသေတာပဲ ဖြစ်ဖြစ်...

တူမီးသေနတ်လွယ်ထားတဲ့

ကျဆုံးရဲဘော်ရဲ့ဓာတ်ပုံမှာ

မထီ​ပြုံး ပြုံးနေတာပဲဖြစ်ဖြစ်...

အာရ်အိုင်ပီ(RIP)

စာလေးတစ်ကြောင်းရေးရုံနဲ့ ကမ္ဘာကြေတယ်။


အဟက်...

မိန်းလမ်းပေါ်က

ဦးခေါင်းခွံတွေရဲ့ ဝိညာဥ်ဟာ

မင်းလောင်းမျှော်ဝါဒကို ယုံလို့လား။


စစ်မိစ္ဆာတွေရဲ့ရေစီးကြောင်းမှာ 

ရေလိုက်ငါးလိုက် နေမယ့်အစား

ကိုယ့်ပါးဟက်နဲ့ကိုယ်

ကုန်းပေါ်တက်သေတာမှ

ပိုကောင်းလေဦးမယ်။


မာတင်လူသာကင်းပြောသလို

လူကောင်းတွေ အသံဆိတ်မနေကြပါနဲ့။

ကမ္ဘာတစ်ဖက်မှာ 

အသိုက်ပျက်ငှက်တွေ...

ငုတ်ကနေ ခုတ်လှဲခံရတဲ့ကျူပင်တွေနဲ့... ။

ခင်ဗျားတို့ နေသားကျzမှုတွေသာ

ရေခဲမြစ်တွေလို 

ဟေးလားဝါးလား အရည်ပျော်နေတာ။


-နှင်းရိပ်နွေ

Poemency 

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ