စည်းရုံးနည်းမှန်မှစည်းလုံးမယ်
စည်းရုံးရေးဟာ တော်လှန်ရေးမှာ အရေးပါတဲ့လုပ်ငန်းစဉ်တရပ်ဖြစ်တယ်ဆိုတာ ထွေထူးရှင်းပြစရာ လိုအံ့မထင်။ သို့သော်စည်းရုံးနည်းမှန်ဖို့နဲ့ စည်းရုံးတတ်ဖို့ကတော့ အရေးကြီးမယ်ထင်တယ်။ လေးဖွဲ့ကွဲနေလို့ စည်းရုံးပြီးလုပ်ကြဖို့ လေးဖွဲ့ညီညွတ်ရေးဦးဆောင်အဖွဲ့ဖွဲ့လိုက်တယ်၊ အဲဦးဆောင်အဖွဲ့ကပါ ဘယ်သူနဲ့မှ မတည့်ဘဲ ငါးဖွဲ့ဖြစ်သွားရတယ် ဆိုတာမျိုးက မြေပြင်မှာ ခဏခဏကြားနေရပါတယ်။ စည်းရုံးတတ်မှ စည်းလုံးမယ်ဆိုတာကို ပြတာဘဲ။
ယနေ့မြေပြင်မှာ စည်းရုံးရေးပုံစံ သုံးမျိုးကိုတွေ့ရှိနေရပါတယ်။
(1)တော်လှန်ရေးအုပ်စုများကိုစည်းရုံးခြင်း
အကြမ်းဖက်စစ်တပ်ကို ရရာနည်းနဲ့တွန်းလှန်နေကြတဲ့ တော်လှန်ရေးအဖွဲ့များကြားမှာ အချင်းချင်းစည်းရုံးကြတာမျိုးကို တွေ့ရလေ့ရှိတယ်။
အဲလိုစည်းရုံးကြရမှာအသုံးပြုတဲ့နည်းနာတွေကတော့ ထောက်ပို့နည်းနဲ့စည်းရုံးခြင်း( အဖွဲ့တစ်ဖွဲ့ရဲ့လိုအပ်နေတဲ့ လက်နက်နဲ့ဘတ်ဂျက်ကိုထောက်ပံ့ပေးပြီး ကိုယ့်ဖက်ပါအောင် စည်းရုံးတာ) ထုတ်လုပ်နည်းနဲ့စည်းရုံးခြင်း(အဖွဲ့တစ်ဖွဲ့အတွက် လက်နက်ထုတ်လုပ်ရေးနည်းပညာကိုမျှဝေသင်ကြားပေးပြီး စည်းရုံးတာ) သင်တန်းနည်းနဲ့စည်းရုံးခြင်း(စစ်အခြေခံသင်တန်းများ ဖွင့်လှစ်သင်ကြားပေးပြီး စည်းရုံးတာ)
စတဲ့ပုံစံများနဲ့စည်းရုံးကြတာကိုတွေ့ရပါတယ်။ ဘယ်လိုပုံစံနဲ့စည်းရုံးသည်ဖြစ်စေ အဓိကလိုအပ်နေတာကတော့ စည်းရုံးရတဲ့ရည်ရွယ်ချက်မှန်ဖို့ဖြစ်ပါတယ်။ မိမိမှာတစ်စုံတစ်ရာစွမ်းဆောင်နိုင်ခြေရှိတဲ့အပေါ် ယင်းကိုအသုံးချပြီး အခြားတော်လှန်ရေးအုပ်စုတစ်ခုကိုစည်းရုံးကြရာမှာ တော်လှန်ရေးအကျိုးစီးပွားအတွက်ရည်ရွယ်ပြီး စည်းရုံးတာမျိုးသာဖြစ်သင့်တယ်။ မိမိဩဇာ၊မိမိအခွင့်အာဏာထူထောင်ရန်အတွက် စည်းရုံးတာမျိုးတော့ မလုပ်သင့်ပေ။
ပိုပြီးကြီးမားကျယ်ပြန့်တဲ့တော်လှန်ရေးအုပ်စုများအကြားစည်းရုံးရေးကိုတော့ နိုင်ငံရေးနည်းနဲ့စည်းရုံးကြရတာကို တွေ့ရတယ်။ (EROsများကို NUGနဲ့ အကြမ်းဖက်စစ်ကောင်စီတို့ရဲ့ စည်းရုံးမှုများ)
ယနေ့တော်လှန်ရေးမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့(EROs)များရဲ့အခန်းကဏ္ဍဟာ အလွန်အရေးကြီးတဲ့အခန်းကဏ္ဍမှာရှိနေပါတယ်။ ဒါကိုကောင်းကောင်းသဘောပေါက်တဲ့ အကြမ်းဖက်စစ်တပ်ဟာ EROsတွေ သူ့ဖက် မပါ ပါအောင် မတရားချော့မော့စည်းရုံးနေတာကို တွေ့နိုင်တယ်။ (ပထမအကြိမ်ဖိတ်ခေါ်တယ်၊ မလာလို့ဒုတိယအကြိမ်ထပ်ဖိတ်ခေါ်ဆွေးနွေးတယ် ဆိုတာမျိုးတွေထိ စိတ်ရှည်လက်ရှည်စည်းရုံးနေတယ်) နိုင်ငံရေးအရဖြေလျှော့ပေးဖို့နဲ့ ပြည်နယ်များရဲ့အခွင့်အာဏာတိုးပေးဖို့မက်လုံးတွေလည်း အမျိုးမျိုးပေးနေတာကို တွေ့နိုင်ပါတယ်။
NUGနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့(EROs)များရဲ့ ဆက်ဆံရေးခရီးရောက်မှုများ၊ နိုင်ငံရေးအရသဘောတူညှိနှိုင်းအောင်မြင်မှုကတော့ ရှင်းရှင်းလင်းလင်းထုတ်ပြန်တာမျိုး သိပ်တွေ့ရလေ့မရှိတာမို့ ခန့်မှန်းသုံးသပ်၍မရနိုင်ပါ။
(2)ပြည်သူလူထုကိုစည်းရုံးခြင်း
တော်လှန်ရေးအဖွဲ့များအနေနဲ့ ပြည်သူ့ထောက်ခံမှုက အပြည့်အဝရရှိပြီးသားဖို့ ပြည်သူကိုထူးထွေစည်းရုံးဖို့ လိုအံ့မထင်၊ သို့သော်ရရှိပြီးသား ပြည်သူ့ထောက်ခံမှုများကိုတော့ လျော့ပါးကျဆင်းမသွားအောင် ထိန်းထားနိုင်ဖို့အရေးကြီးမယ် ထင်တယ်။
လက်နက်ကိုင်ပြီး မလျော်ဩဇာသုံးခြင်း၊ အာဏာပါဝါပြခြင်းများ ပြုလုပ်လာပါက ပြည်သူ့ငြိုငြင်မှုကို မလွှဲမသွေခံရမှာဖြစ်ပြီး တော်လှန်ရေးကြီးအတွက်လည်း ဆိုးကျိုးများသာ ရရှိစေမှာဖြစ်ပါတယ်။လက်နက်ကိုင်ခြင်းဟာ တော်လှန်ရေးရည်မှန်းချက်ပေါက်မြောက်အောင်မြင်စေဖို့သာဖြစ်တယ်။
NUGဖက်ကလည်း အထက်ပါအန္တရာယ်များကိုတားဆီးနိုင်ဖို့ ထိန်းချုပ်နယ်မြေများမှာ စင်ပြိုင်အုပ်ချုပ်ရေးယန္တရားကို အလျှင်အမြန်ထူထောင်နိုင်ဖို့ ကြိုးပမ်းသင့်တယ်လို့ မြင်တယ်။
အကြမ်းဖက်စစ်တပ်အနေနဲ့လည်း ရရင်ရသလို ပြည်သူကိုစိတ်ဓါတ်စစ်ဆင်ရေးလုပ်ပြီး စည်းရုံးနေတာကို တွေ့နိုင်တယ်။ သူတို့ရဲ့စည်းရုံးရေးဗျူဟာကတော့ ပြည်သူကိုကြောက်ရွံ့ပိပြားသွားအောင် အစွမ်းကုန်အနိုင်ကျင့်ယုတ်မာပြီးမှ အပျော့နည်းနဲ့ပြန်ချော့ပြောတဲ့ဗျူဟာသာဖြစ်တယ်။
ပြည်သူကိုထင်သလိုသတ်ဖြတ်ပြီးမှ တော်လှန်ရေးသမားတွေကို အလင်းဝင်ဖို့ ဖိတ်ခေါ်နေတာတွေ၊ ကျေးရွာတွေကို ထင်သလိုမီးရှို့ဖျက်ဆီးပြီးမှ ရွာသားတွေဟာ မိုင်းမဆွဲရင် ငါတို့ကလည်းဘာမှ မလုပ်ဘူးလို့ စည်းရုံးတာတွေဟာ အထက်ပါဗျူဟာရဲ့ အစိတ်အပိုင်းများ ဖြစ်ပါတယ်။
တော်လှန်ရေးဘက်သားများအနေနဲ့ ပြည်သူကိုစည်းရုံးရေးဗျူဟာမှန်ဖို့ အလွန်အရေးကြီးပါတယ်။ အဲလိုမှန်ဖို့ဆိုရင် ပြည်သူ့ဘဝထဲကို ဝင်လည်ပတ်ကြည့်ပြီး ပြည်သူနေရာက ဝင်စဉ်းစားပြီးမှ မူဝါဒတွေ အကောင်အထည်ဖော်ဖို့ လိုအပ်မယ်ထင်တယ်။
(3)နိုင်ငံတကာကိုစည်းရုံးခြင်း
နိုင်ငံတကာကိုဆွဲဆောင်စည်းရုံးပြီး ပါဝါဖြန့်ကျက်ကစားနိုင်မှုကလည်း တော်လှန်ရေးအတွက် အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ နိုင်ငံတကာကိုစည်းရုံးတယ်ဆိုရာမှာ သူတို့ရဲ့အမျိုးသားအကျိုးစီးပွားကို ထိအောင် ကစားနိုင်ဖို့ အရေးကြီးမယ် ထင်တယ်။
အသိအမှတ်ပြုရုံ၊ ဆက်ဆံရေးမပျက်ရုံစည်းရုံးမှုများကတော့ အလုပ်သိပ်မဖြစ်နိုင်ပေ၊ မြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ကူခြင်းဖြင့် သူတို့အတွက်ဘာတွေအကျိုးရှိလာနိုင်မယ်၊ သူတို့နိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအတွက် ဘာတွေအထောက်အကူဖြစ်လာစေမယ် စတာတွေကို မြင်အောင် ချပြစည်းရုံးနိုင်ပါမှ နိုင်ငံတကာရဲ့ထိရောက်တဲ့အကူအညီကို ရယူနိုင်မယ်လို့ သုံးသပ်တယ်။
ယနေ့လက်တွေ့မှာတော့ ယူကရိန်းကို ကန်ဒေါ်လာ 8billionကျော် ကူညီထောက်ပံ့နေတဲ့ USဟာ သူ့နိုင်ငံထဲက မြန်မာ့ငွေ 1.2billionကို ထုတ်ယူခွင့်မပြုသေးတာကို တွေ့ရပါတယ်။ နောက်တစ်ချက်ကတော့ ယနေ့နိုင်ငံကြီးများအနေနဲ့ အရှေ့တောင်အာရှကိုနိုင်ငံရေးကစားရာမှာ တနိုင်ငံချင်းဦးတည်ကစားတာထက် အာဆီယံဆိုတဲ့အဝန်းအဝိုင်းကနေ ထိန်းညှိကစားကို ပိုလိုလားလာတဲ့ပုံစံ တွေ့ရပါတယ်။ ဒီသဘောကို ဆဝါးမိရင် အာဆီယံကို ဘာကြောင့်ချဉ်းကပ်သင့်သလဲဆိုတာ စဉ်းစားမိနိုင်ပါတယ်။
နောက်တစ်ခုကတော့ နိုင်ငံတကာကိုစည်းရုံးတယ်ဆိုရာမယ် အဝေးကြီးတွေအသာထား၊ အနီးနားကအိမ်နီးချင်းနိုင်ငံများကိုလည်း စည်းရုံးနိုင်ဖို့ အရေးကြီးပါတယ်၊ ဘာလို့လဲဆိုတော့ ပထဝီအရနယ်ချင်းထိစပ်နေတဲ့နိုင်ငံများရဲ့အကူအညီဟာ တော်လှန်ရေးအတွက် အများကြီးအကျိုးဖြစ်ထွန်းစေတယ်ဆိုတာ မြေပြင်တော်လှန်ရေးအင်အားစုများက ကောင်းကောင်းသဘောပေါက်ပြီး ဖြစ်လို့ပါပဲ။
တော်လှန်ရေးမှာ စည်းရုံးရေးလုပ်ငန်းစဉ်ဟာ မရှိမဖြစ်အရေးပါတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ စည်းရုံးရေးလုပ်ငန်းစဉ် ချောမောအောင်မြင်ဖို့ကတော့ တော်လှန်ရေးအပေါ်စေတနာမှန်ဖို့နဲ့ အခြေခံရိုးသားဖို့က အဓိကကျပါတယ်။ သန္ဓေမမှန်တဲ့စည်းရုံးမှုများကတော့ အုပ်စုဖွဲ့မှုကိုသာဖြစ်ပေါ်စေပြီး ပိုမိုကွဲထွက်သွားစေတဲ့ ရလဒ်သာ ထွက်လာစေနိုင်တယ်။ ပြောရရင် စည်းရုံးနည်းမှန်မှ စည်းလုံးလာမှာ ဖြစ်ပါကြောင်း။ ။
စိုးဝင်းဆွေ(HPD)
ပြုံးပါ...ရယ်ပါ...ကူညီပါ...သည်းခံပါ...
ReplyDeleteဒါတွေဟာ ပိုက်ဆံမကုန်ပဲ
လူကိုစိတ်ချမ်းသာစေတဲ့ အရာတွေပါ..😊
Fighting
ReplyDeleteDone
ReplyDeleteok
ReplyDelete:Done
ReplyDeleteကိုယ်လုပ်နိုင်တဲ့ဘက်ကနေ သဘောမှန်နဲ့ လုပ်ကြရုံပါပဲ
ReplyDelete