သူငယ်ချင်းအပျင်းပြေဖတ်ဖို့ ကဗျာ
သူငယ်ချင်း
မင်း ကိုယ်ပေါ်မှာ ဆေးမင်ကြောင်တွေ ရှိတယ်
မင်း သမိုင်းကိုရော မင်း ဆေးမင်ကြောင်တွေ ထိုးပြီးပြီလား။
ငါတို့ တစ်ယောက်နဲ့တစ်ယောက်
နီးလျက်နဲ့ ဝေးခဲ့ကြ
ဝေးလျက်နဲ့ နီးခဲ့ကြ
ဘာပဲဖြစ်ဖြစ် တို့ခရီးက မဆုံးသေးဘူးလေ
ဒီလိုပဲ ချေးထုပ်တွေကို ကျော်လွှားရမှာပေါ့။
ငါတို့ ပျော်ခဲ့ကြတယ်
ငါတို့ အော်ခဲ့ကြတယ်
ငါတို့ မျှော်ခဲ့ကြတယ်
ငါတို့ရဲ့ ကျော်ကြားမှုများဟာ
နှစ် ၄၀ ခံစားမှုတွေများလား။
နှစ်တွေလည်း ရူးသလို ပေါသလို ကုန်ဆုံးသွားခဲ့ပြီ
ဒီလိုအနေအထားမှာ
သေသွားတဲ့ သူငယ်ချင်းတွေကို သတိရတယ်
မသေမရှင် သူငယ်ချင်းတွေနဲ့
သေချင်ယောင် ဆောင်နေတဲ့ သူငယ်ချင်းတို့ရေ
တို့နောက်က ဆံပင် နီကြောင်ကြောင် မျိုးဆက်ကို
တို့ ဘာတွေ လက်ဆင့်ကမ်းနိုင်ခဲ့ပါသလဲ။
တစ်ချိန်တုန်းက
ရန်ကုန်မြို့ကြီးက လှိမ့်တာလား
ငါတို့က လိမ့်တာလား
ငါတို့ ဂေါ်လီလို ဟိုလှိမ့် ဒီလှိမ့်
လိမ့်ခဲ့ကြတယ် ငြိမ့်ခဲ့ကြတယ်
ခေတ်ကြီးကလည်း ဖိန့်နေတာကိုး
ဟစ်ပီယောင်ယောင်
ဂျစ်ပစီယောင်ယောင်
စနစ်တစ်ခုရဲ့ သားကောင်တွေ ဖြစ်ခဲ့ပေမဲ့
ငါတို့ ဓားတောင်ကို ကျော်ပြီး
မီးပင်လယ်ကို ဖြတ်နိုင်ခဲ့တာပဲ မဟုတ်လား။
ငါတို့ ဘဝမှာ
မေ့လို့မရတဲ့ နေရာတွေ ရှိတယ်
ရန်ကင်း ၊ သင်္ကန်းကျွန်း ၊ တောင်ဥက္ကလာ
ဘောက်ထော် ၊ ကံဘဲ့ ၊ ဂ္ဂတ္တလစ်
နန္ဒဝန်စျေး ၊ ကြည်မြင့်တိုင် ညစျေး
အခု မရှိတော့တဲ့ ဂုံဆာလာ ၊ ကီလီ ၊ ဂ္ဂတ္တလစ်စျေး
၃၈ လမ်း အဟောင်းတန်း
သရက်တော အဟောင်းတန်း
နောက် အင်းစိန် ကျောင်းတော်ကြီး
ပြီးတော့ အန်းမဘိ ၊ ဇီးကွက်ဘိ ၊ မဝါဘိ
မောင်သက်ဘိ ၊ ခွေးကြီးဘိ
မြို့ပတ်ရထား သံလမ်းကို ကျော်လိုက်တာနဲ့
ကောင်းကင်ဘုံပေါ် ရောက်သွားသလို
နောက်ဆုံး ငြိမ်းချမ်းရေးဖီး
ကမ္ဘာသစ် လက်ဖက်ရည်ဆိုင် အထိ
အခု မင်းက အားကစားဂျာနယ် တစ်ခုမှာ အယ်ဒီတာ
ငါက လူသိပ်မသိတဲ့ ကဗျာဆရာ
လောကကြီးက မျက်နှာသာ မပေးတဲ့ကြားက
တို့ အရသာရှိအောင် နေခဲ့ကြတယ်
အရသာ ရှိတာတွေ လုပ်ခဲ့ကြတယ်
အဲဒီ ပီတိနဲ့ ဒီကဗျာကို ငါ ရေးမိတာပေါ့
တို့ ဖြတ်သန်းခဲ့ကြတယ်
အချုပ်ခန်းတွေ ၊ ထောင်တွေ ၊ ရဲဘက်စခန်းတွေ
ပိုက်လုံးကြီးတွေ ၊ ရထားသံလမ်းတွေ ၊ ဘူတာရုံတွေ
ပလက်ဖောင်းတွေ ၊ ဘောလုံးကွင်းတွေ
အရက်ဆိုင်တွေ
စာလုံးပေါင်း မှားနေတဲ့ စာမျက်နှာတွေ
နေ့စွဲတွေကို လွယ်အိတ်တစ်လုံးလို လွယ်ထားရင်း
ဗြုန်းဆိုရောက်လာတဲ့ ၂၀၀၃ ခုနှစ်
မင်း အသက် ၄၄ နှစ်
စစ်အေးခေတ်ကြီးကို ထားရစ်ခဲ့
တစ်ပါတီစနစ်ကို ထားရစ်ခဲ့
ခေတ်စားလာတဲ့ စျေးကွက်စီးပွားရေးထဲမှာ
အကြမ်းဖက်မှုတွေ ပိုများလာ
ဘောလုံးပွဲတွေ ပိုများလာ
ငွေစက္ကူတွေ ပိုများလာ
ကမ္ဘာဆိုတဲ့ ရွာကြီးထဲမှာ
မင်းရော ငါပါ သူကြီးသားတွေ မဟုတ်ခဲ့
အကြောဆေး သွင်းသလို အနုပညာကို ခံစားချင်ပေမဲ့
တစ်ခါသုံး ဝတ္ထုတွေ ၊ ကဗျာတွေ
ဖတ်နေရတာကိုလည်း စိတ်ဓာတ်မကျနဲ့
ငါတို့ရဲ့ အနာဂတ်ကို
ငါတို့ရဲ့ အန်ဖတ်တွေလို မဖြစ်စေဖို့
ငါတို့မှာ တာဝန်ရှိတယ်
ခုတော့
မင်းရဲ့ သမီးလေးတောင် တက္ကသိုလ်ကျောင်းသူ ဖြစ်နေပြီ
ငါက မိန်းမရတာ ဘာမှမကြာသေး
ဘဝတွေဟာ သွားနေဆဲ
Life is going on . . .
ဟောဒီ ဆောင်းမှာတော့
ခေါင်းမာသူကြီးလည်း ပြာကျခဲ့ပြီ
ရန်ကုန်မြစ်ကြီးလည်း ညစ်ပတ်ခဲ့ပြီ
သူငယ်ချင်းရေ
နောက်ထပ် ရောက်လာမယ့် နေ့တွေကို
ကြိုးဝိုင်းထဲက လက်ဝှေ့သမားလို ရင်ဆိုင်ကြစို့
ဘယ်တော့မှ လက်နက်မချနိုင်တဲ့
ငါတို့ရဲ့ ရင်ထဲက အမှန်တရား
ခုချိန်ထိ မင်းလည်း ဆံပင်ရှည်နဲ့
ငါလည်း ဆံပင်ရှည်နဲ့
ငါတို့ရဲ့ အဆင်မပြေမှုဟာ
ငါတို့ရဲ့ တရားသဖြင့် နေထိုင်ခြင်းပါပဲကွာ … ။
_လှသန်း
(၂၀၀၃)
ငါဟာ..တဦးတည်းသော အမြဲတမ်းခရီးသည်...
ReplyDeleteနေရာ...အချိန် ပညတ်ချက်မဲ့....🎧🎧
Done!
ReplyDeleteThanks
ReplyDelete