ဒီတခါ ကျောင်းတွေပြန်ဖွင့်ခဲ့ရင်


မြေခွေးက စာသင်ခန်းထဲဝင်လာတော့

လူသေကောင်တစ်စုက မတ်တပ်ရပ် ခေါင်းငြိမ့်

ညံဖျင်းမှုတွေမွေးထုတ်ဖို့ ထောက်ခံလိုက်ကြပေမယ့်

မြေခွေးဟာမြေခွေးပဲ ယုန်သူငယ်ဖြစ်မသွားဘူး။


လေထဲလွင့်နေတဲ့ မိုက်လုံးတွေပေါ်က

သမိုင်းမဆန်တဲ့သမိုင်းဆိုတာ မစင်ကိုအမည်ပြောင်းထားတဲ့ 

မသတီစရာဒဏ္ဍာရီဟာ သမိုင်းဖြစ်မသွားဘူး ။


ငရဲပန်းကိုမှရွှေပန်းထင် ငရဲခန်းထဲဆင်းဖို့ပြင်တဲ့

ဦးနှောက်သင်းကွပ်ခံထားရတဲ့ နောက်လိုက်တစ်စုဟာ

ကျည်ဆန်နဲ့ရေးတဲ့ ပညာရေးဆိုတာ

ဘဝတစ်ဆစ်ချိုး ပြောင်းလဲဖို့လို့ထင်ပြီးတဲ့နောက်

ခေါင်းလောင်းသံဟာ ယမ်းနံ့တွေပဲအူထွက်လာတာမဆန်းတော့ ။


ခေတ်အဆက်ဆက် စတေးခဲ့တဲ့သွေးတွေ

မိန်းလမ်းမကြီးကနေ ကျောင်းပရဝဏ် ၊

စာသင်ခန်းတွေအဆုံး ဒီနေ့အထိစီးတယ် ။

သွေးညှီနံ့တွေမပြယ်သေးတဲ့ ဒီဧရိယာ ၊

ကြီးမြတ်တဲ့ဝိဉာဥ်တို့အတွက် ခေါင်းလောင်းသံကြားတိုင်း ရင်နင့်ရတယ် ။

အနေသာကြီးနေခဲ့ကြတဲ့ ပါးစပ်သေနတ်တွေ

ကျောင်းနဲ့ကျောင်းသား ညားကြဖို့ဆိုရင်

သွေးပင်လယ်မှာ အသားကျမနေဖို့လိုတယ် ။


ဒီတခါ ကျောင်းတွေပြန်ဖွင့်ခဲ့ရင်... 

ဖက်ဒရယ်ခေါင်းလောင်းသံဟာ ကျယ်ကျယ်လောင်လောင်ဖြစ်လိမ့်မယ်

ဟော ဟိုး...မှာ ရာဇဝင်တွင်သူရဲကောင်းတွေ

သားရွှေအိုးထမ်းလို့ ပြည်တော်ကိုပြန်လာနေပြီ

အဲဒါ ငါဒီတသက် မြင်ချင် ကြားချင်ဆုံးသောအောင်ပွဲပဲ ။


ကျော်သက်ဦး

( မြင်းခြံ )

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ