ရှက်လို့သေသွားတဲ့တိုင်းပြည်
ထေရဝါဒလည်း စစ်တယ်။
ပြည်တွင်းစစ်လည်း ဖြစ်တယ်။
ဗုဒ္ဓရဲ့ ဗြဟ္မစိုရ်တရားဟာ
ယမ်းငွေ့တွေကြားမှာ သေတယ် . . .
ရုပ်မမြင် သံမကြား
သမ္မတတွေ နာဖျားနေတဲ့ ပြည်
"ငါးနှစ်တခါ ပေါ်လို့လာ
ငါ့သား မင်းလောင်း ထီးဖြူဆောင်း ပေမဲ့"
ပြည်သူတွေကတော့...
လဲရာ သူခိုးထောင်း ခံနေရဆဲ...
တိုင်းပြည်ဆင်းရဲနေရင်
ထမင်းတစ်နပ်လျော့စား
ဟင်းတစ်ခွက်ပဲ စားတဲ့
အဲဒီလို အမတ်ကြီးတွေက
လစာ ၁၀သိန်းကို ပြုံးဖြီးဖြီးယူတယ် ။
တင်နဲ့ရင်သားကြီးရင်
ရွှေမင်းသမီးဖြစ်တဲ့...တိုင်းပြည်
ဆဲတတ်ရင် ဆယ်လီဖြစ်တဲ့...တိုင်းပြည်
ရုပ်သေကြီးတွေနဲ့ ဇာတ်သေကြီးတွေရိုက်ပြီး
ရုပ်ရှင် အမည်ခံတဲ့...တိုင်းပြည်
ဒီတိုင်းပြည်မှာ . . .
မုဒိန်းမှုတွေပေါတယ်၊
လူသတ်မှုတွေပေါတယ်၊
ဒါ ဘာဆန်းလို့လဲ ။
နားလည်မှုအလွဲတွေနဲ့
အိမ်ကြက်ချင်း အိုးမည်းသုတ်
မြွေမသေ၊တုတ်မကျိုး လုပ်ရင်း
ခေါင်းဆောင်တွေရဲ့ အတ္တတွေကြားမှာ
ဘယ်လောက်မျှော်... မျှော်
ငြိမ်းချမ်းရေးဟာ ပေါ်မလာခဲ့ဘူး ။
ဘယ် ချိုးငှက်မှလည်း
သပြေခက်ချီမလာသေးဘူး ။
ဒီလိုနဲ့ . . .
ပေါက်စီနဲ့ ပလာတာက
မန္တလာနဲ့ ရခိုင်ကို ဖျာဝင်ခင်းပြီ။
ဒင်းတို့တွေက
အတိတ်မေ့တုန်း....ရွှေပျောက်တုန်း ။
ပုဂံကို အခါခါရောက်တယ် . . .
ဒါပေမဲ့ . . ပေါက်ကံ..မသိ
တမ္ပဒီပ...မသိ ၊အရိမဒ္ဒနပူရ် မသိ
သမိုင်းမသိတော့ "အ" တယ် ။
တန်ဖိုး မသိတော့ ကျတယ် ။
ပုဂံဟာ လည်ပတ်ဖို့ သက်သက်မဟုတ်ဘူး ။
ဒီတိုင်းပြည်မှာ . . .
ရေပေါ်ဆီတွေပေါတယ် ။
ပေါ်ပင်တွေ ပေါတယ် ။
အတုတွေပေါတယ် ။
တကယ်တော့.... မြန်မာ ဟာ
ရှက်လို့သေ သွားတာ ကြာပြီ ။
-မှော်နတ်ပျို
Done!
ReplyDeleteFighting
ReplyDeleteDone
ReplyDeletedone
ReplyDelete