“ဗုဒ္ဓက ဘာတွေဆုံးမခဲ့သလဲ”
ဒီကာလမှာ ဘာသာတရားကိုတောင် အယုံအကြည် မရှိတော့ဘူး ဆိုတာမျိုးတွေ ပြောလာကြတာ သတိထားမိတယ်။ ဘာသာရေးခေါင်းဆောင်တွေ၊ ဒီဘာသာကို ကိုးကွယ်ယုံကြည်ကြပါတယ် ဆိုတဲ့သူတွေရဲ့ လုပ်ရပ်တချို့က ဝေဖန်စရာ၊ မေးခွန်းထုတ်စရာ ဖြစ်နေတဲ့အခါမှာ ဘာသာတရားအပေါ်မှာလည်း အထင်သေးမှုတွေ ရှိလာတာပေါ့။
ခုဆောင်းပါးမှာတော့ အဲဒီကိုးကွယ်သူတွေရဲ့ အလွဲအမှားတွေကို ကျော်လွန်ပြီး ဗုဒ္ဓရဲ့ အဆုံးအမတွေကိုပဲ ရေးချင်ပါတယ်။ တပည့်တွေ လိုက်နာမှု ရှိမရှိထက် ဆရာသမားကတော့ ဒါတွေ လမ်းညွှန်ခဲ့တယ် ဆိုတာကို သိစေလိုတယ်။ တစ်ဖက်ကလည်း ဒီအချက်တွေဟာ ဗုဒ္ဓဘာသာဝင်စစ်စစ်တွေရဲ့ ဘဝနေနည်းလို့ ဆိုနိုင်ပါတယ်။
▪️၁။ ကံ၊ ကံ၏အကျိုးကို သက်ဝင်ယုံကြည်ခြင်း
ကိုယ်လုပ်သမျှ အကောင်းအဆိုးကို ကိုယ်ပဲ တာဝန်ယူ၊ တာဝန်ခံရမယ်။ ကောင်းတာ လုပ်ပြီးလည်း လူသိအောင် လိုက်ကြွားနေစရာ မလိုသလို၊ မကောင်းတာ လုပ်ပြီးရင်လည်း ရှောင်လွှဲလို့ မရဘူး။ ဒါတွေအကုန်လုံးက တစ်နေ့ကိုယ့်ဆီ ပြန်ရောက်လာမှာပဲ။ ဒီအတွက် သူများတွေ မဟုတ်တာ လုပ်ပြီး ကြီးပွားနေတိုင်းလည်း ကိုယ်လိုက်မလုပ်တော့ဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်လမ်းကိုယ်လျှောက်နိုင်လာလိမ့်မယ်။ ဒါကြောင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူခြင်း ဖြစ်ပါတယ်။
▪️၂။ အကြောင်းအကျိုး ဆက်စပ်မှုကို လက်ခံခြင်း
ဗုဒ္ဓက အကြောင်းမဲ့ ဖြစ်နေတာ ဘာမှမရှိဘူးလို့ ဆိုတယ်။ အားလုံးဟာ အကြောင်းနဲ့ အကျိုး ဆက်စပ်ဖြစ်ပေါ်နေတယ်။ ဆိုတော့ ဒီအကျိုးတရားကို လိုချင်ရင် ဆိုင်ရာအကြောင်းတရားကို ဖြည့်ဆည်းဖို့ လိုလိမ့်မယ်။ ဥပမာ ကွန်ပျူတာ တက်ချင်ရင် ကွန်ပျူတာ သင်ပေါ့။ ပိုက်ဆံချမ်းသာချင်ရင် ပိုက်ဆံချမ်းသာစေမဲ့ အကြောင်းတရားတွေကို လုပ်ပေါ့။ စိတ်ညစ်ညူးစေမဲ့ အရာတွေကို လုပ်နေပြီး စိတ်ချမ်းသာချင်လိုက်တာ အော်နေလို့တော့ မရဘူးပေါ့။ တော်လှန်ရေး နိုင်ချင်တယ်ဆိုလည်း ဂုဏ်တော်ပုတီး စိပ်နေရုံနဲ့တော့ ဘယ်ရမလဲ။ ဆိုင်ရာအကြောင်းတရားတွေကို ဖြည့်ဆည်းမှ ရမှာပေါ့။
အဲ့လို မဟုတ်ဘဲ ဗေဒင်မေးမယ်၊ ယတြာချေမယ်၊ အဆောင်အယောင်တွေ၊ နတ်တွေကို အားကိုးနေမယ် ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်စစ်စစ်လို့ ပြောလို့ မရနိုင်သေးပါဘူး။
▪️၃။ ကြိုးစားအားထုတ်မှု
ဗုဒ္ဓဟာ ကြိုးစားအားထုတ်ခြင်းကို အထူးအလေးထားပါတယ်။ မဂ္ဂင် ၈ ပါးမှာလည်း မှန်သော အားထုတ်မှု (Right effort) ဆိုတာကို ထည့်ထားတယ်။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပြီး အကြောင်းအကျိုး ဆက်စပ်မှုကို လက်ခံထားတဲ့သူဟာ မကြိုးစားလို့ကို မရဘူး။
ဘဝမှာ ပြည့်စုံဖို့ဆိုလည်း ကြိုးစားရတယ်။ ကျန်းမာဖို့လည်း ကြိုးစားရတယ်။ ကုသိုလ်ပြုဖို့ဆိုလည်း ကြိုးစားရတယ်။ တရားထိုင်မယ်ဆိုလည်း ထိုင်နည်းတွေ လေ့လာရတယ်။ ကိုယ်တိုင်ထိုင်ကြည့်ရတယ်။ အဆင်မပြေရင် အတွေ့အကြုံရှိသူကို မေးမြန်းရတယ်။ အဲ့တော့မှ တဖြည်းဖြည်း အဆင်ပြေလာတာ။
▪️၄။ စဉ်းစားဆင်ခြင်မှု
ဗုဒ္ဓဝါဒမှာ အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်သလို ဗုဒ္ဓဘာသာဝင်တွေမှာ အားအနည်းဆုံးကလည်း အဲဒါပဲ။ ပညာရေးစနစ်နဲ့လည်း ဆိုင်တာပေါ့။ ဦးနှောက်တွေကို စဉ်းစားဖို့ထက် မှတ်သားဖို့၊ လိုက်နာဖို့၊ နာယူဖို့ပဲ လေ့ကျင့်ပေးလိုက်တဲ့အခါ ဗုဒ္ဓဖြစ်စေချင်တာနဲ့က တခြားစီ ဖြစ်လာတယ်။
ဗုဒ္ဓအဆုံးအမတွေထဲမှာ ကာလာမသုတ် ဆိုတာ ထင်ရှားသလောက် အင်မတန်လည်း လေးစားစရာ ကောင်းတယ်။ ဘယ်သူပြောလို့မှ မဟုတ်ဘဲ ကိုယ်တိုင်အသိနဲ့သာ လက်ခံပါ ဆိုပြီး ဟောခဲ့တာ။ ဘာကိုမဆို ဝေဖန်ပါ။ ဆန်းစစ်ပါ။ စဉ်းစားပါ။ ဘုရားအဆုံးအမတွေကိုတောင်မှ ဘာကြောင့် ဒီလိုဆုံးမခဲ့တာလဲ၊ တားမြစ်ခဲ့တာလဲ၊ တိုက်တွန်းခဲ့တာလဲ ဆိုတဲ့ ရည်ရွယ်ချက်ကို နားလည်ရင် ကိုးကွယ်ရတာ ပိုပြီး အဓိပ္ပါယ်ရှိပါတယ်။
▪️၅။ ကိုယ်ချင်းစာတရား
လူ့ဘောင်အဖွဲ့အစည်းတစ်ခု သာယာဖို့ဆိုတာ ကိုယ်ချင်းစာတရားရှိတဲ့ လူတွေ လိုအပ်တယ်။ ဗုဒ္ဓဘာသာဝင်တွေ နေ့စဉ်စောင့်ထိန်းကြရတဲ့ ငါးပါးသီလဆိုတာ တကယ်တော့ ကိုယ်ချင်းစာတရားကို အခြေခံတာပဲ။ ကိုယ့်ကြောင့် သူတစ်ပါး မထိခိုက်အောင် စောင့်ထိန်းနေထိုင်တာ ဖြစ်လို့ မဟာဒါနလို့လည်း ဆုံးမခဲ့တယ်။ ဒီတော့ ကုသိုလ်ရဖို့ ဆိုတာမျိုးလောက် မဟုတ်ဘဲ ကိုယ်ချင်းစာတရားကို ကိုယ့်စိတ်ထဲမှာ မွေးမြူနိုင်ဖို့ လိုတယ်။ ဥပမာ ဆေးလိပ်မသောက်တတ်တဲ့သူရှေ့မှာ ဆေးလိပ်မသောက်ရဘူး ဆိုတာ ငါးပါးသီလထဲ မပါဘူး။ သို့သော် ကိုယ်ချင်းစာတရား ဆိုတဲ့ ရှုထောင့်ကနေ စဉ်းစားကြည့်။ လုပ်သင့် မလုပ်သင့် ကွဲကွဲပြားပြား ဖြစ်သွားလိမ့်မယ်။
▪️၆။ မေတ္တာ၊ ကရုဏာထားဖို့
ဒါလည်း ဗုဒ္ဓအဆုံးအမတွေမှာ မကြာခဏ ကြားရတဲ့အချက် ဖြစ်တယ်။ မေတ္တာဆိုတာ မိတ်ဆွေတစ်ယောက်ရဲ့ စိတ်ထားမျိုးကို ဆိုလိုတာ။ ကောင်းစေချင်တယ်။ အဆင်ပြေစေချင်တယ်။ ပျော်ရွှင်စေချင်တယ်။ အဲ့လိုစိတ်ကလေးထားပြီး ဘယ်သူ့ကိုမဆို ကူညီတယ်။ နှုတ်အားဖြင့် ဖေးမတယ်။ အားပေးတယ်။ ကရုဏာဆိုတာကတော့ သနားကြင်နာမှုပေါ့။ ဆင်းရဲဒုက္ခရောက်နေသူတွေကို စောင့်ရှောက်တယ်။ မျှဝေတယ်။ ဒါတွေဟာ ကိုယ်ချင်းစာတရားလိုပဲ သာယာတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့မှာ သိပ်လိုအပ်တဲ့ စိတ်နေစိတ်ထားတွေ ဖြစ်တယ်။
▪️၇။ စိတ်ဗဟိုပြု သင်ကြားမှု
ဗုဒ္ဓအဆုံးအမတွေကို Mind-centered teaching လို့လည်း ဆိုကြတယ်။ လေ့လာမိသလောက် ဘာသာတရား အားလုံးထဲမှာ စိတ်ကို အသေးစိတ်အကျဆုံး ဟောကြားခဲ့တာ ဗုဒ္ဓပဲ။ သတ္တဝါတွေမှာ ကိုယ်နဲ့ စိတ်၊ ရုပ်နဲ့ နာမ် ဆိုပြီး ရှိတယ်။ အဲဒီစိတ်ဆိုတာကိုမှ ၄ ခု ထပ်ခွဲလိုက်သေးတယ်။ ရုပ်နဲ့ ပေါင်းလိုက်တော့ ၅ ခု။ ဒါကို ခန္ဓာ ၅ ပါးလို့ ခေါ်တယ်။ တစ်နည်းအားဖြင့် စိတ်ကို ခွဲခြမ်းစိတ်ဖြာလိုက်တာပဲ။
မေတ္တာသုတ်မှာဆို မေတ္တာထားနိုင်တဲ့ လူတစ်ယောက် ဖြစ်ဖို့မှာ ဘယ်လိုအချက်တွေ လိုအပ်သလဲ အသေးစိတ် ဟောထားတယ်။ စိတ်အညစ်အကြေးတွေဆိုရင်လည်း စိတ်ပုပ်၊ စိတ်ယုတ်ကိုမှ ခေါ်တာ မဟုတ်ဘူး။ အတိတ်ရောက်လိုက်၊ အနာဂတ်ရောက်လိုက်နဲ့ ပျံ့လွင့်နေတာသည်လည်း စိတ်ကို ညစ်နွမ်းစေတဲ့ အညစ်အကြေးပဲတဲ့။ မနာလိုတာကလည်း စိတ်အညစ်အကြေးပဲ။ အရှက်အကြောက် မရှိတာကလည်း စိတ်အညစ်အကြေးပဲတဲ့။
တရားထိုင်တာ၊ ဝိပဿနာ အားထုတ်တာတွေကလည်း တကယ်တော့ ကိုယ့်စိတ်ကို လေ့လာနေခြင်း၊ ပိုင်းခြားရှုမြင်ခြင်း၊ ကုသနေခြင်းပါပဲ။ ဒါကြောင့် စိတ်နဲ့ ပတ်သက်လို့ အားထုတ်မှု၊ လေ့ကျင့်မှု တစ်စုံတရာ ရှိနေမှသာ ဗုဒ္ဓဘာသာဝင် ဖြစ်ရကျိုးနပ်တယ်လို့လည်း ဆိုနိုင်ပါတယ်။
▪️၈။ အစွဲအလမ်းတွေကို ဖြတ်တောက်ဖို့
ဗုဒ္ဓဝါဒက သံသရာကို ယုံတယ်။ တစ်ဘဝပြီးတစ်ဘ၀ ဖြစ်နေရတယ်လို့ ဆိုတယ်။ ဘဝဖြစ်ခြင်းဟာ ဒုက္ခဆင်းရဲပဲ။ ဘာလို့ ဒုက္ခဖြစ်တာလဲဆိုတော့ မတည်မြဲလို့၊ ကိုယ်မပိုင်လို့၊ အစိုးမရလို့။ ဒီတော့ နှစ်သက်စရာ မကောင်းဘူးလို့ ဆိုတယ်။ ဗုဒ္ဓဘာသာမှာ နိဗ္ဗာန်ဆိုတာ ဘုံတစ်ခု မဟုတ်ဘူး။ ဘဝအသစ် ထပ်မဖြစ်တော့ခြင်းကို ဆိုလိုတာ။ သံသရာ မလည်တော့တာပေါ့။ အဲ့လိုလွတ်မြောက်ဖို့ဆို တဏှာဆိုတဲ့ အစွဲအလမ်းကို ဖြတ်တောက်ဖို့ လိုလိမ့်မယ်။ ဗုဒ္ဓရဲ့ တကယ့်အရေးကြီး သင်ကြားမှုတွေဖြစ်တဲ့ သစ္စာ ၄ ပါးတို့၊ ပဋိစ္စသမုပ္ပါဒ်တို့ ဆိုတာကလည်း ဒါကိုပဲ အကျဉ်းအကျယ် ဟောထားတာပဲ။
နောက်ဆုံး၊ အဲ့လိုနိဗ္ဗာန်ကို မလိုချင်ပါဘူး၊ သို့မဟုတ် သံသရာဆိုတာကို မယုံပါဘူး ဆိုရင်တောင် ခုလက်ရှိဘဝမှာပဲ စဉ်းစားကြည့်။ စိတ်အေးချမ်းမှုနဲ့ စိတ်စွဲလမ်းမှုဟာ ပြောင်းပြန်အချိုးကျတယ်။ စိတ်စွဲလမ်းမှု များလေလေ စိတ်မအေးချမ်းရလေပဲ။ ငွေ ၁ သိန်း ခိုးခံရလို့ ဘာမှမဖြစ်ဘူး။ 'ကိုယ်ပိုင်တဲ့' ငွေ ၁ သိန်း ခိုးခံရတယ်ဆိုမှ လူက ပူလောင်တာလေ။ သက်ရှိသတ္တဝါကို စွဲလမ်းမယ်။ ပစ္စည်းဥစ္စာကို စွဲလမ်းမယ်။ ငွေကို စွဲလမ်းမယ်။ ရာထူး၊ ဂုဏ်ဒြပ်ကို စွဲလမ်းမယ်။ ဘာကိုပဲ စွဲလမ်းစွဲလမ်း သေချာတာက ပူပန်ရမှာပဲ။ ဒါကြောင့် စိတ်အေးချမ်းချင်တဲ့သူဟာ စွဲလမ်းမှုကို လျှော့ချဖို့ လိုအပ်တယ်။
ဒီ ၈ ချက်ကတော့ ဗုဒ္ဓဟောကြားချက်တွေထဲမှာ မကြာခဏ ကြားရလေ့ရှိတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဗုဒ္ဓ အထူးပြုပြီး ဆုံးမခဲ့တာတွေပေါ့။ တခြားလည်း ကျန်ကောင်းကျန်နိုင်ပါတယ်။ ဒီအချက်တွေကို ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ကျင့်သုံးနေထိုင်မှသာ ဗုဒ္ဓဘာသာဝင်စစ်စစ်လို့ မှတ်ယူနိုင်ပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၁၂.၇.၂၀၂၂
All done
ReplyDeleteDone
ReplyDeleteDone
ReplyDelete💘
ReplyDelete