ထင်ရှားသည့်အမှတ်အသား ကိုးကွယ်သည့်ဘာသာ



ရေဟာ ရေပါပဲ

ရေတွင်းက ရေ

ပိုက်ကလာတဲ့ ရေ

...စသည်ဖြင့်

အိမ်သာထဲလည်း ရောက်တယ်

ဘုရားစင်ပေါ်လည်း ရောက်တယ်

အသုံးချတတ်မှုနဲ့ တန်ဖိုးထားတတ်မှုဟာ ဘာသာရေးပဲ။


နေ့လွဲညစာအတွက်ပါ စားထားတဲ့ ဥပုသ်နေ့တွေဆို

ဓမ္မာရုံတွေက ဓမ္မပူဇာတေးတွေကို အတင်း အဓမ္မ ဖွင့်နေတယ်။

နားထောင်တတ်မှ ကြားရတဲ့ ဓမ္မ

အတိုးအကျယ် မရှိဘူး

အကျဉ်းအကျယ်သာ ရှိတာပါ။


ဘုရားပွင့်ခဲ့တဲ့ ဗောဓိညောင်ပင်

ဘုရားနားမှာ 

ဘယ်သူမှ မတို့ရဲ မထိရဲ

အခု

ဘုရားကို မြိုနေပြီ 

ငြမ်းက ဘုရားကို ဖျက်နေပြီ။


နိဗ္ဗာန်က အသွားပဲရှိတယ် အပြန်မရှိဘူး

ငရဲက အသွားရော အပြန်ရောရှိတယ်။


နိဗ္ဗာန်က ဖြတ်လမ်းမရှိဘူး

ငရဲက ဖြတ်လမ်းရှိတယ်။


ဘယ်လိုလဲ...

ဘယ်ကို သွားမလဲ... ဘယ်လို သွားမလဲ...

မြင်တာကို မြင်တယ်လို့မှတ်ဖို့

မြင်ပေမယ့် မမြင်နိုင်ကြဘူး။


ကျယ်ရမယ့် မျက်စိကျ မကျယ်ဘူး

မကျယ်ရမယ့် ဖင်ခေါင်းကျ ကျယ်နေတယ်

ဦးဇင်းလေးဟောတဲ့တရား တဟားဟားနဲ့ ပွဲကျလို့ 

တရားပြပေမယ့်

တရားမရတဲ့သူတွေလေ...၊


ဆုတောင်းတိုင်း မပြည့်ဘူး

တောင်းတဲ့ဆုတွေက ပါးစပ်ကြီးနဲ့အပြည့်၊


အကုသိုလ်တွေ ပါလာမှဖြင့်

ခွဲတမ်းနဲ့ ဝေနေတဲ့ အမျှ

သာဓုတွေ ခေါ်နေကြတယ် ။


ဆီမီးပူဇော်တာလို့ ခေါင်းစဉ်တပ်

အပူတွေကို အပူတွေနဲ့ အပူတိုက် 

လောင်မြိုက်နေတဲ့ လောဘတွေနဲ့


မရှိတော့တဲ့ ဘုရားကို တ လို့

ရှိနေတဲ့ တရားကို မေ့လို့ ...။


ဆည်းလည်းသံတွေက ရယ်ပွဲဖွဲ့နေပြီ...။          ။


-လင်းမိုးစွေ

ရတုမြေ မဂ္ဂဇင်း

ဒီဇင်ဘာလ ၊ ၂ ၀ ၁ ၅

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ