"စိတ်၏ တည်ငြိမ်မှု"


▪️ဗြဟ္မာစိုရ်တရား ဆိုတာ မြင့်မြတ်သူတို့ရဲ့ အကျင့်လို့ အဓိပ္ပါယ်ရတယ်။ လူကောင်းသူကောင်း ဖြစ်ချင်ရင် ထားရမဲ့ စိတ်ထား ၄ ခုပေါ့။


မေတ္တာဆိုတာ မိတ်ဆွေတစ်ယောက်ရဲ့ စိတ်ထားမျိုး။ ကိုယ်ချစ်တဲ့ ခင်တဲ့သူဆို ကောင်းစေချင်တယ်။ အဆင်ပြေစေချင်တယ်။ ပျော်စေချင်တယ်။ အဲ့လိုစိတ်မျိုးကို ဘယ်သူ့အပေါ်မှာမဆို ထား။


ကရုဏာကျ သနားတတ်တာ။ ကြင်နာတတ်တာ။ ခုဆို လူပေါင်းများစွာ ဒုက္ခဆင်းရဲ ရောက်နေကြတယ်။ ကရုဏာတရား များများရှိလေ ပိုပြီး ကူညီဖြစ်လေပဲပေါ့။


မုဒိတာဆိုတာကျ အောင်မြင်သွားတဲ့သူတွေ၊ ကိုယ့်ထက် အဆင်ပြေနေတဲ့သူတွေကို မနာလို မဖြစ်ဘဲ ဝမ်းမြောက်ပေးတာ။ ဒါသည်လည်း အရေးကြီးတာပဲ။ မနာလိုစိတ်ဟာ ပြဿနာပေါင်းများစွာ၊ ပဋိပက္ခပေါင်းများစွာကို ဖြစ်လာစေတာမို့လား။


▪️ထူးခြားတာက ဥပေက္ခာပဲ။ အရပ်ထဲမှာ ပြောကြသလို လျစ်လျူရှုခြင်း၊ တာဝန်မဲ့ခြင်း (Negligence) ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ဘူး။ အဲ့လိုသာဆို မြင့်မြတ်သူတို့ရဲ့ အကျင့်စရိုက်ထဲ ဘယ်ပါပါ့မလဲ။


တကယ်တမ်း သူ့ရဲ့ အဓိပ္ပါယ်က စိတ်၏ တည်ငြိမ်မှု (Mental equanimity) ဖြစ်ပါတယ်။ ပတ်ဝန်းကျင်၊ အခြေအနေပေါ် လိုက်ပြီး အတက်အကျနည်းတဲ့ စိတ်ကို ခေါ်တာ။


ရှေ့က မေတ္တာ၊ ကရုဏာ၊ မုဒိတာတွေကို သူက နောက်ဆုံးကနေ ပဲ့ကိုင်ပြီး ထိန်းထားပေးတဲ့သဘော ဖြစ်တယ်။ သူ မရှိရင် ရှေ့ ၃ ခုက ရေရှည်မခံနိုင်ဘူး။ 


ဥပမာ ကိုယ်က မေတ္တာရှေ့ထားပြီး ဆက်ဆံပေးတယ်။ ကရုဏာတရားနဲ့ ကူညီတယ်။ တစ်ဖက်လူက အသိအမှတ်မပြုတဲ့အခါ၊ ကိုယ့်ကို ဒုက္ခတောင် ပြန်ပေးတဲ့အခါ၊ လူအများက နာမည်ဖျက် တိုက်ခိုက်တဲ့အခါ “တော်ပြီ၊ နောက်ဆို ဒီလိုတွေ မလုပ်တော့ဘူး” ဆိုတာမျိုး ဖြစ်သွားတတ်ကြတယ်။


မုဒိတာဆိုလည်း ထိုနည်းလည်းကောင်းပဲ။ ကိုယ်ကသာ ဝမ်းသာပေးပေမဲ့ ကိုယ်အဆင်ပြေတဲ့အချိန်ကျ မနာလိုစိတ်နဲ့ တိုက်ခိုက်ခံရတယ်ဆို ငါ့အလှည့်ကျလည်း အဲ့လိုဝမ်းသာမပေးတော့ဘူး ဆိုတာမျိုး ဖြစ်လာလိမ့်မယ်။


ဒါကြောင့် မေတ္တာ၊ ကရုဏာနဲ့ မုဒိတာတရားတွေ ကိုယ့်စိတ်မှာ အစဉ်အမြဲ တိုးပွားနေဖို့ကို ဒီဥပေက္ခာက ထိန်းထားပေးတာ။ ရှေ့ ၃ ခုသည် သူများအတွက်။ ဒီတစ်ခုက ကိုယ့်အတွက်။ ကိုယ့်စိတ်တည်ငြိမ်ဖို့၊ အတက်အကျနည်းဖို့။ ဒါမှ ကိုယ်လည်း စိတ်ချမ်းသာမယ်။ အေးချမ်းမယ်။ ပူလောင်မှုနည်းမယ်။ တစ်ဖက်မှာလည်း အများအတွက် ပိုပြီး လုပ်နိုင်လာလိမ့်မယ်။


▪️ဒီကာလမှာ Fundraiser တွေဆို အတော်လေး စိတ်ဖိစီးကြတယ်။ သူတို့ရည်ရွယ်ထားတဲ့ ပမာဏ မပြည့်မှာ စိတ်ပူတယ်။ အလှူတွေ နည်းနေပြီဆို စိတ်ဓါတ်ကျချင်လာတယ်။ အဲ့လိုနဲ့ နောက်တစ်ခါ ထပ်မလုပ်တော့ဘူးတို့၊ သွေးအေးကုန်ကြပြီလားတို့ စသဖြင့် ပြောမိ၊ တွေးမိလာတယ်။ 


လူ့ဦးနှောက်မှာ စိတ်ခံစားချက်အပိုင်းနဲ့ စဉ်းစားတွေးခေါ်တဲ့အပိုင်းက တစ်ပြိုင်တည်း အလုပ်မလုပ်ဘူးလေ။ စိတ်ခံစားချက်က လွန်ကဲသွားတဲ့အခါ ဦးနှောက်က ပေါက်ကရအတွေးတွေ ဝင်လာရော။


စိတ်ကလေး နည်းနည်းငြိမ်သွားပြီဆိုမှ သြော် ကမ်ပိန်းတွေကလည်း များတာကိုး၊ လူတွေလည်း မျှကူနေရလို့ ဖြစ်မယ် စသဖြင့် တွေးမိလာတာ။ 


ဒါကြောင့် ဥပေက္ခာထားနိုင်ဖို့ လိုတဲ့အကြောင်း တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ညီအစ်ကိုမောင်နှမတွေကို အမြဲပြောနေရတာပါ။


▪️သူက လျစ်လျူရှုတာ မဟုတ်ဘူး။ ရသလောက် လုပ်တာပေါ့ ဆိုပြီး ခပ်ပေါ့ပေါ့ တွေးဖို့လည်း မဟုတ်ဘူး။ ဒီလအတွင်း သိန်း ၅ ထောင်ရှာမယ်ဆို အဲ့ပမာဏပြည့်အောင် ဘာတွေလုပ်မလဲ စဉ်းစားမယ်။ ပြင်ဆင်မယ်။ အကောင်းဆုံးလုပ်မယ်။ မပြည့်ပြည့်သည်အထိ ကြိုးစားမယ်။ သို့သော် နည်းသေးလို့၊ များလာလို့ ဆိုတဲ့အပေါ် မူတည်ပြီး စိတ်အတက်အကျ နည်းနိုင်သမျှ နည်းအောင် နေဖို့ ပြောတာ။


ဒါမှသာ စိတ်က တည်ငြိမ်ပြီး ကိုယ်လုပ်စရာရှိတာတွေ တစိုက်မတ်မတ် လုပ်နိုင်လာပါလိမ့်မယ်။ ကိုယ့်စိတ်လည်း ပူလောင်မှု နည်းသွားတာပေါ့။


ဒါကလည်း ပြောတော့သာ လွယ်တာပါ။ တကယ့်တကယ် ကျင့်သုံးနိုင်ဖို့ကျ ခက်တယ်။ ဘာလို့ဆိုတော့ ကျန်တဲ့ ၃ ချက်က ပျိုးထောင်ရတာ လွယ်ပေမဲ့ ဥပေက္ခာကျတော့ စိတ်ကို လေ့ကျင့်ပေးဖို့၊ Meditation လုပ်ဖို့ လိုလာတယ်။ ဥပေက္ခာပြုပါ ဆိုလို့ တုံ့ပြန်ချင်ပါလျက်နဲ့ ကြိတ်မှိတ်သည်းခံနေရတယ် ဆိုတာမျိုးက ရေရှည်အတွက် မကောင်းဘူး။ အပြင်ကိုသာ ထွက်မလာတာ။ ကိုယ့်ရင်ထဲမှာက မီးတွေ တောက်နေတာကိုး။ မထိန်းနိုင်တော့တဲ့တစ်နေ့ အပြင်ကို ဝုန်းခနဲ ထတောက်တော့မှာ။


တစ်ခါရေးဖူးသလို၊ စိတ်ဆိုတာ အတင်းအကြပ် ဖိနှိပ်ထားရတာ မဟုတ်ဘူး။ စနစ်တကျ လေ့ကျင်ပေး၊ နားဝင်အောင် ဆုံးမပေးထားရတာပါ။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်လောက်ဖြစ်ဖြစ် Meditation လုပ်ကြည့်ဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။ 


▪️ကိုယ်ဘာပဲလုပ်လုပ်ပါ၊ ဒီလုပ်ရပ်ရဲ့ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း၊ လူအသိအမှတ်ပြုခြင်း၊ မပြုခြင်း၊ တခြားလူတွေ ဘာလုပ်နေတယ်၊ ဘာပြောနေတယ်၊ ဘယ်လိုထင်မယ် စတဲ့ အချက်တွေပေါ် လိုက်ပြီး စိတ်အတက်အကျ နည်းအောင် တတ်နိုင်သမျှ ကြိုးစားစေချင်ပါတယ်။ ဒီဥပေက္ခာတရားက ကိုယ့်စိတ်ငြိမ်းချမ်းဖို့လည်း လိုအပ်သလို၊ မေတ္တာ၊ ကရုဏာနဲ့ မုဒိတာတရားတွေ တာရှည်ခံအောင် ထိန်းပေးထားနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိလို့ပါ။ 


ဒေါက်တာ ဖြိုးသီဟ

၆.၇.၂၀၂၂

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ