“လွှတ်ချရာဝယ်”
တရားရှာ ကိုယ့်မှာ တွေ့ ဆိုသော်ငြား
ငါကတော့ လူတွေဆီ တရားတွေ ရပုံများ
ဝင်လာလိုက် ထွက်သွားလိုက်
နားခိုလိုက် ရင်ဝကို ခြေစုံ ကန်သွားလိုက်
သဘောကျလိုက် မကြာပါဘူး မုန်းသွားလိုက်
တရားတွေလဲ ရပါတယ်
ရုပ်နဲ့ နာမ်ဟာ မမြဲသလို
လူတွေလဲ မမြဲကြောင်း ဖြည့်တွေးချင်ပေမယ့်
လိုချင်ရင် ချစ်ပြီး
မလိုရင် ပစ်မယ့် လူတွေ
ဒဏ်ရာတွေသာ အထပ်ထပ် ပေးမယ့် လူတွေ
အမှောင်ထဲက ဆွဲထုတ်ပေးမလိုလိုနဲ့
ပိုမှောင်တဲ့ ထောင်ချောက်ထဲ တွန်းပို့မယ့် လူတွေ
အယုံလွယ်ပြီး တုံးအတဲ့ အချိန်တုန်းက
လူ ဆိုတာ ဘုရားသခင် ပေးတဲ့ လက်ဆောင်မွန်
တကယ်က နောက်ကျောကို ထိုးမယ့် ဓား တစ်လက်
ငါကလေ လူတွေကို မယုံဘူး
လူတွေကြောင့် ရတဲ့ စိတ်ဒဏ်ရာဟာ
လူတွေကြောင့် ပျောက်ရိုး ထုံးစံ ရှိလို့လား
အခုတော့ ငါက
လူတွေကြောင့်ပဲ ပြောင်းလဲသွား
အရာအားလုံးကိုလေ
ပြုံးပြုံးလေးသာ ကြည့်နေမိတယ်
ကူညီပါရစေ ဆိုပြီး ဝင်လာတဲ့ လူတွေရော
ချစ်ပါတယ် ဆိုပြီး ထွက်သွားတဲ့ လူတွေရော
နောက်ဆုံးတော့ ငါလဲ
အပြုံးတွေနဲ့ တည်ဆောက်ထားတဲ့
စိတ်သေကောင် တစ်ကောင်လို
ပြုံးပြုံးကြီး ရှင်သန်တတ်သွားတာပေါ့
သိရဲ့လား
ငါကလေ လူတွေကို မယုံဘူး
ငါ့ကိုယ်ငါလဲ မယုံဘူး
တစ်နေ့တော့
ငါ့ကို လွှတ်ချခဲ့တဲ့ လူတွေ နည်းတူ
ငါ့ ကိုယ် ငါလဲ လွှတ်ချသွားတော့မှာ
မပျော်တဲ့ တစ်နေ့
ရှင်သန်ခြင်းကို မုန်းတီးလာတဲ့ တစ်နေ့
ငါ့ကိုယ်ငါ ပြန်ရှာလို့ မရှာနိုင်တော့တဲ့ တစ်နေ့ပေါ့
ဖြစ်နိုင်ရင်
အသက် မကြီးချင်ဘူး
ဘဝ မပြီးချင်ဘူး
မသေခင် အိုရ နာရမယ့် ဒုက္ခကြီးလဲ
ငါ တကယ် မခံစားချင်ဘူး
မတတ်နိုင်ဘူး
ငါ လုပ်နိုင်တဲ့
အသက်သာဆုံး နည်းလမ်းက
ငါ့ ကိုယ် ငါ လွှတ် ချ ခြင်းပဲ
အနည်းဆုံးတော့ ငယ်ရွယ်စဉ်မှာ
ငှက်လေး တစ်ကောင်လို လွင့်မျောသွားရ
ငါးလေး တစ်ကောင်လို ကူးခတ်သွားရ
မတူညီဘဲ ကွဲပြားနေတဲ့ အရာ နှစ်ခု ဆိုပေမယ့်
သေချာတာ တစ်ခုက
တံတားစွန်းပေါ်က လှလှပပ ပျံသန်းရင်း
ရေအောက်မှာ နောက်ဆုံး အချိန်အထိ ကူးခတ်သွားမယ့်
ကောင်မလေးဟာ ငါပဲ ဖြစ်ရမှာ
SawYuWai
PoetryZone
Done!
ReplyDeleteFighting
ReplyDelete