မပြီးသေးတဲ့စစ်
မပြီးသေးတဲ့စစ်ကနေ ပြန်လာသူလို
အိမ်တံခါးကို ခပ်တိုးတိုးသူခေါက်ခဲ့
တစ်နေရာမှာတော့ စစ်ဟာရှိနေသေးလို့
သူဟာ အားနာတတ်ရမယ် မဟုတ်လား
နောက်ခံက တစ္ဆေတွေကိုပါ မြင်ရတဲ့
မှန်ရှေ့မှာ မိန်းမတစ်ယောက်ဟာ
သူမဆံပင်တွေကို ရှင်းနေလိမ့်မယ်
ဖီးနေရင်းနဲ့ဘီးဟာ ဆံချည်ထွေးတစ်ခုမှာ
ငြိသွားပြီး ရှေ့ဆက်ဖို့ခက်နေမှာပေါ့
တချို့အရာတွေဟာ သိစရာမလိုဘူး
ဥပမာ တခြားလူတစ်ယောက်ရဲ့စိတ်ထဲ
ဆံပင်တွေလွင့်အောင် လေထန်နေတာမျိုး
ဥပမာ ဆုပ်ထားတဲ့ လက်သီးနုနုလေးထဲက
ကြောက်ဖွယ်မိုးခြိမ်းသံတွေ ထွက်နေတာမျိုး
သားတောင် အတော်ရွယ်ရောက်ပြီပဲ
သူကတစိမ်းလို အိမ်ထဲဝင်လာရင်း
အဲဒီလိုရုပ်ရှင်ဆန်ဆန် စပြောရမလား
ပြီးတော့ ဧည့်ခန်းရဲ့အမှောင်ထဲမှာ
သူကိုယ်သူ တချက်လှောင်ပြုံးပြုံးဖို့
ရှင်တို့ စစ်ကြီးပြီးသွားပြီလား တဲ့
တချို့စစ်ပွဲတွေဟာ သွေးမထွက်ဘူး
ဒါပေမယ့် ဘယ်တော့မှသွေးမတိတ်ဘူး
ထားလိုက်စမ်းပါ စောက်ရေးမပါတာတွေ
ကဲပြော မင်းကိုယ့်ကိုချစ်နေသေးရဲ့လားအချစ်
အောင်ခင်မြင့်
Done!
ReplyDeleteDone!
Delete:Done
ReplyDelete