ငြိမ်းချမ်းရေးဂီတ


ချစ်တာကိုတောင် ဖွင့်ဟဝန်မခံရဲတဲ့ကောင်တွေ

AK-47 ပေါ်မှာလက်ပစ်ကူး

ကျည်ဆံကကြိုးများအောက်

မှော်ဆရာရဲ့ မီးခိုးလုံးနဲ့အတူ ပျောက်ကွယ်ကြရတဲ့ ဘဝတွေ။


နေ့တွေဟာညတွေအဖြစ်ပြောင်း

ဒုက္ခဟာ ထရိုဂျန်မြင်းကြီးစီးပြီး

ငါတို့စိတ်အတွင်းဝင်ရောက်လာခဲ့။


အဓမ္မကျင့်ခံရတဲ့ နိုင်ငံတော်မှာ

သုတ်ရေနီနီတွေ ပေတရာလမ်းမပေါ်ပြန့်ကြဲ

ရောင်နီတွေကွယ်ပျောက်

အမှောင်ခေတ်ဆီတစ်ရွေ့ရွေ့။


မြို့ပြဟာနီယွန်တွေလိမ်းကြံထားတဲ့

မက်ဆိုပိုတေးမီးယားစစ်မြေပြင်ပဲ။

အမှောင်ထုဟာ နက်သထက်နက်

ရောင်နီဟာ ဝေးသထက်ဝေးလွင့်

မှော်ဆရာရေ အဘယ်မန္တာန်ကိုရွတ်ပါမှ

ဤအမှောင်ထုအတွင်းက လွတ်မြောက်ရပါမည်နည်း။


အနက်ရောင်ကောင်းကင်မှာ

တဖြုတ်ဖြုတ်ကြွေကျနေတဲ့ကြယ်တွေ

သံလွင်မြစ်ထဲစီးနေတဲ့ ငါတို့သွေးတွေ

ကြွက်ထောင်ချောက်ထဲပိတ်မိနေတဲ့ငါတို့အနာဂတ်တွေ

မြေသြဇာဖြစ်သွားရတဲ့ ငါတို့အိပ်မက်တွေ

ကျည်ဆံတွေအဖြစ်ပြောင်းလဲသွားတဲ့ ဖတ်လတ်စစာအုပ်တွေ

ဪ...နွေဦးရယ် ဘယ်အငြိုးနဲ့များ

ကျည်ဆံတွေသယ်ဆောင်လာရတာလဲကွယ်။

ဒီလိုနဲ့ တောင်ကုန်းထက်မှာ ရုတ်တရတ်ပေါ်ထွက်လာသော

စေတီပုံစံ အရိုးစုဖြူဖြူများ။


-ဟီရို

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ