" အဆုံးသတ်မှာ..."

ဘယ်အရာမှ ကိုယ့်နောက်မပါဘူး လို့

ထိတ်လန့်တကြား သိလိုက်ကြသူတွေ

တက်တူးထိုးဖို့ ပြင်ဆင်နေကြတယ်


ကိုယ်ကတော့ စက္ကူလှေလေး ခေါက်မိတယ်

တစ်နေရာရာကို စီးဆင်းဖို့ပြင်မယ်

လက်တစ်စုံနဲ့ ဆွဲလို့ မမြဲတဲ့လောကမှာ

လွဲချင်ရာသာ လွဲပေါ့ကွယ်

စီးကရက်မီးခိုးလို ကိုယ်လွင့်မျောမယ်


ဘယ်သူ့ကိုမှ အပြစ်မတင်တော့ဘူး

အဝါရောင်စက္ကူစွန်လေး ပြတ်တောက်သွားရင်

ဝေဒနာတွေ လို့ပဲ မြင်ပေးစေချင်တယ်

မထင်မရှား ပျောက်ကွယ်မယ်

လူတချို့ ထိုးမယ့် လက်ည်ိုးတွေကို

ရွာချမယ့်မိုးလို  ရှောင်ချင်ရဲ့


ကောင်းကင်ကြီး ပြိုမယ်ကြားတော့

ခြေထောက်နှစ်ချောင်းနဲ့ ထမ်းပိုးထားမိဖူးတယ်

ကိုယ့်ကြောက်လန့်တကြား စိုးရိမ်မှုပါပဲ

လူပြောများတဲ့ဟာသလေး ဖြစ်သွားတယ်။


ဘယ်သို့သော လောကဓမ္မပဲ ဖြစ်ပါစေကွယ်

မချစ်ချင်တော့ရင် မုန်းတာပါပဲ

အပြစ်မြင်လာတဲ့အခါ မေတ္တာလျော့တာပါပဲ

ဘဝဟာ သကြားလုံးလို အမြဲမချိုမှန်းသိပါတယ်။


ချစ်သူရဲ့လက်နဲ့ ကမ္ဘာတည်ချင်တယ်

မိတ်ဆွေတွေရဲ့လက်နဲ့ ခရီးတွေထွက်ချင်တယ်

နောက်ဆုံး ဘယ်ကိုမှ မရောက်ရှိတဲ့အခါ

အိမ်ပြန်ရတာပါပဲ

ရူပဗေဒအလိုအရအဆို

မပြီးမြောက်တဲ့အခါ ကိုယ်ရှုံးနိမ့်ပါတယ်

ကမ္ဘာဟာ ပျက်ခဲ့တာကြာပြီပဲ။


လူတွေရဲ့ လက်ခုပ်ထဲကရေမှာ

ကိုယ် မကူးခတ်နိုင်တော့ဘူး

ကြမ်းပြင်ပေါ်ကို ခုန်ချလိုက်တယ်

ရေနည်းငါးဟာ ဆိတ်ငြိမ်ရခြင်းကိုပဲ နှစ်သက်ပါတယ်။


ခွန်းညိုသွေး

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ