ဆာတယ်

ဒီမြင်ကွင်း

မရှင်းရင် အခါခါပြန်ကြည့်စမ်း ယောက်ဖ

အညာက လှည်း ပေါ်မှာ 

သက်မဲ့ အညာသားတွေကိုတင်

အညာက ယာခင်းပြင်ကို ဖြတ်ဖို့

အညာက နွားတွေက ဆွဲလို့ပေါ့၊

အသက် မသေဘဲ ကျန်ခဲ့

လှည်းမောင်းနေတဲ့ အညာသားကြီးရင်ထဲ

ဘယ်လိုနေမယ် ထင်လဲ ယောက်ဖ?

တို့ အညာသားတွေက မဆန်းတတ်ပါဘူး

အေး---ဆန်းပြီဆိုလည်း 

မဆုတ်တော့ဘူးကွ လုံး၀ မဆုတ်တော့ဘူး။

ဆာတယ်ကွာ ဆာတယ်---

လွတ်လပ်မှုကို ဆာတယ်

စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ဆာတယ်

ငါတို့ အပြည့်အ၀ မရခဲ့ဘူးတဲ့

လူ့ အခွင့်အရေးကို ဆာတယ်

ပြီးပြည့်စုံတဲ့ ပျော်ရွှင်မှုကို ဆာတယ်

အတ္တဝါဒီ ရေပေါ်ဆီတွေ မရှိတဲ့အရပ်ကို ဆာတယ်

လူ့ အန္တတွေ ကင်းမဲ့ဇုန်ကို ဆာတယ်။

နာတယ်ကွာ နာတယ်

ပေးဆပ်မှုတွေကို နာတယ်

အသားတွေလည်း နာတယ်

အသည်းထဲက နာတယ်

အရိုးထဲကလည်း နာတယ်

အတ္တဝါဒီ ရေပေါ်ဆီတွေကိုလည်း နာတယ်

လူ့ အန္တတွေ ကိုလည်း နာတယ်။

ကြာတယ်ကွာ ကြာတယ်

သံသရာ အထိ တွက်ပြီး

လူ့ အန္တတွေကို ပြန်မလာနိုင်ရာ အရပ် ပို့ဖို့

ငါတို့ တက်နိုင်တဲ့ ရာခိုင်နှုန်းတွေထဲ

အမုန်းတွေထည့်ပြီး

အမုန်း သုံးကြစို့ ယောက်ဖရေ----။      ။


ထူးရှား( ၈/ )



Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ