တော်လှန်ရေးမေတ္တာ




"သား တော်လှန်ရေးထဲလိုက်မယ်" လို့

ခပ်ဆတ်ဆတ်ပြောတော့

ကျမှန်းမသိ ကျလာတဲ့

မျက်ရည်ဥ ဖွေးဖွေးတွေကို

အမေ့ခမျာ

လက်နှစ်ဘက်နဲ့ ဘယ်ပြန်ညာပြန်သုတ်

ကတုန်ကယင်နဲ့ အမေ့နှုတ်က

ကျနော့်ကို

သရဏဂုံသုံးပါး မမေ့ဖို့

အနန္တောအနန္တငါးပါး မမေ့ဖို့

အထပ်ထပ်အခါခါ မှာတယ်

အဖေ့ခမျာ

သောက်လက်စ ရေနွေကြမ်းခွက်ကိုကိုင်

ဧည့်ခန်းစားပွဲမှာ ငေး ငိုင် မှိုင်ကျ

" သားရေ မတရားတာမှန်သမျှ ဘာမှမလုပ်မိစေနဲ့ " တဲ့


အဖေ . . . ဒီအချိန်ဆို 

ထိုင်နေကျ ဧည့်ခန်းစားပွဲမှာ

ကွမ်းယာလေး တမြုံ့မြုံ့ ဝါးနေရော့မလား

ဆေးပေါ့လိပ်လေး ဖွာနေရော့မလား

အမေရော အခုချိန်လောက်ဆို

အိမ်ဦးခန်းက ဘုရားစင်ရှေ့မှာ

ဝတ်ပြုဆုတောင်းပြီးလို့

ကြေးစည်တီး   အမျှဝေနေရော့မလား

အိပ်ရာမဝင်ခင်

စိပ်ပုတီးကို တချောက်ချောက် ကိုင်ပြီး

လမ်းများ လျှောက်နေရော့မလား

အဲ့ဒီအာရုံတွေထဲက

နည်းနည်းလေးမှ ရုန်းထွက်လို့ မရခဲ့ဘူး


အိမ်ကထွက်သွားတုန်းက

အမေပေးလိုက်တဲ့ အမေ့ထဘီ အထက်ဆင်လေး

တော်လှန်ရေးမှာ

အန္တရာယ်ကင်းစေကြောင်း

သားရဲ့လက်မောင်းမှာ ပတ်ထားတယ် အမေ

လည်ပင်းမှာဆွဲထားတဲ့ ကျည်ခွံထဲမှာတော့

အဖေ့သြဝါဒတွေနဲ့ ပြည့်ညပ်လို့ပေါ့


သတင်းကောင်းတွေနဲ့ ပြန်လာခဲ့မယ်ပြောပေမဲ့

မိသားစုထမင်းဝိုင်းကိုတော့

သားကြိုက်တတ်တဲ့ ဟင်းကောင်းတွေနဲ့

ကျေးဇူးပြုပြီး 

ကြိုပြင်မထားပါနဲ့လား ။ 


ကျော်သုခမွန်(မကွေး)        

MyitKwae


(မြစ်ကွေ့- လူထုတော်လှန်ရေးစာစဉ်၏ အတွဲ(၁)၊ အမှတ်စဉ်(၃၃)တွင် ဖော်ပြထားသည့်‌ ကဗျာကဏ္ဍမှ ကဗျာတစ်ပုဒ် ဖြစ်ပါသည်။ 


Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ