" မမခင် စစ်ကိုင်းတိုင်းရောက်ဖူးလား "




" မမခင်ကြားဖူးလား .. 

အတောမသတ် .. ပြောစမှတ်တွင်ကြတယ် ၊

စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်း" တဲ့ ။


ရာဇဝင်တွေကို မြေလှန်ကြည့်ရင်

စစ်ကိုင်းတိုင်းဟာ သမိုင်းမရိုင်းခဲ့ပါဘူး .. ။


၅/သွေးတွေ နီတယ်

ချင်းတွင်းမြစ်ရေ ကြည်တယ်

မိုင်းခွဲသံ ပြင်းပြင်းမြည်တယ်

ဒါ စစ်ကိုင်းတိုင်းပဲ မမခင် ။


ကုန်းဘောင်မင်း ဆယ့်တစ်ဆက်ပေါ်ထွန်းခဲ့ရာ

သမိုင်းနဲ့ အစဉ်အလာ ရွှေဇေယျာတခွင်မှာ

သာသနာ့ရောင်ဝါ နေလိုလင်းခဲ့ ..

ရွှေကျင်သာသနာ ၊ မဟာစည်ရိပ်သာ ၊ 

လယ်တီဆရာတော် ပရိယတ္တိ ၊ တိပိနဲ့ ဘိဝံသ

အများဆုံးထွက်ခဲ့တဲ့ တိုင်းဇေယျာပေါ့ မမခင် ။


မိုးညှင်းသမ္ဗုဒ္ဓေ ၊ မဟာဗောဓိတစ်ထောင်

ကျောက္ကာရွှေဂူနီ .. တန်ခိုးကြီးဘုရားတွေ ရှိတဲ့ စစ်ကိုင်းတိုင်းမှာ အငြိုးလည်းကြီးခဲ့တယ် မမခင်


စစ်တလင်းသတ်မှတ် ၊ စီမံချက်နဲ့ ရက်စက်သမျှ

ကျည်ဆံတွေဟာ မိုးသီးလို ရွာချ

၅/ တွေရဲ့ဇ"ဟာ ဒီလောက်နဲ့များ

တုန်လှုပ်မှာတဲ့လား .. ။


သွေးနည်းရင်တော့ ခွေးဆွဲခံရမှာပဲ

လူညီရင် အောင်ပွဲဟာ လက်တကမ်းမှာပါ

ဒီကောင်းကင် .. ဒီရေမြေ

ဟိုးမှာ လှမ်းမြင်နေရတဲ့ မီးခိုးတွေ

လက်ပံတောင်းတောင်ကြီးလည်း ငိုနေလား

ခွေးတွေအူလေ.. သွေးတွေဆူလေပဲ မမခင်


ဟောဟို ချင်းတွင်းမြစ်ကြီးတလျောက်

ကမ်းတဘက်က ရွာလေးတွေအကုန် မီးလောင်ပြင်

လူ့အခွင့်အရေးမှန်သမျှ အရာရာဆိတ်သု‌ဉ်း ၊

ဒီအမုန်းဟာ ဒီကမ္ဘာမကျေဘူးးးး ။


ဝဋ်လည်အောင် ဆုမတောင်းပါနဲ့ ..

ဝဋ်ကိုလည်အောင် လှည့်ကြမယ် မမခင် ။

အသက်တွေ ဘ‌ဝတွေ နင်းခြေပြီး ရယူခဲ့သမျှ

အာဏာရူးသူတွေ ပြန်ပေးဆပ်ရမယ့်ဝဋ်ဆိုတဲ့

ဓမ္မစက်ကို တစ်ယောက်တစ်ဖက် ပြည်သူ့လက်နဲ့

အမြန်လည်အောင် လှည့်ပေးနေကြတယ် ။


ဇေယျာရွှေမြေရဲ့နွေဦး .. လေအရူးမှာ 

အသက်ကိုခြွေခူးမယ့် ကျည်ဆံထိပ်ဖူးတွေကြား

ကျတော်တို့ မကြွေဘူးမမခင် .. ပြန်ဝေရဦးမှာ .. ။


ဖီးနစ်ငှက်တွေက သေပြီးရင်

ပြန်လည်မွေးဖွားလာတဲ့ငှက်တစ်မျိုးတဲ့ မမခင်

ကိုယ်တိုင်မီးလောင်ကျွမ်းခံပြီး 

ပြာအဖြစ်ကနေ နောက်တစ်ဖန်ပြန်မွေးဖွားလာကြတယ် ။

ဘယ်လောက်စွမ်းလဲဆိုရင် သူတို့ရဲ့မျက်ရည်က 

သူတို့ရဲ့ဒဏ်ရာတွေကို ပြန်ကုပေးနိုင်‌လောက်တဲ့အထိပဲ တဲ့


ကျတော်တို့ လူငယ်တွေဟာ

ဖီးနစ်ငှက်ကလေးတွေပဲပေါ့ မမခင်

ကျတော်တို့ရဲ့မျက်ရည်နဲ့ အားလုံးရဲ့ဒဏ်ရာကို

ပြန်ကုစားပေးနိုင်ချင်တယ် ။ 

ကျတော်တို့ သေသွားခဲ့ရင်တောင်

ရှင်ပြန်ထမြောက်ခြင်းရဲ့ဖီးနစ်ငှက်လို

မီးလျှံတွေထဲက အသစ်ပြန်လည်မွေးဖွားခဲ့မှာ

မမခင် ယုံယုံကြည်ကြည်နဲ့ စောင့်နေပါ ..


ဒီတော်လှန်ရေးကြီး ပြီးတဲ့တစ်နေ့

သမိုင်းပြောင်မညှိုးတဲ့ စစ်ကိုင်းတောင်ရိုးမှာ

သစ္စာတွေ ဆိုချင်သေးတယ် ၊ လွတ်လပ်ခြင်းဆိုတဲ့

ပန်းပွင့်ကလေးကို မမခင် ဆံနွယ်ဦးမှာ

ဆင်မြန်းပေးဖူးချင်တယ် .. ။


နှလုံးခုန်သံ တစ်ချက်ခုန်တိုင်းမှာ

အရေးတော်ပုံ အောင်ရမယ် ။

အသက်ရှုသံ တစ်ချက်စီတိုင်းမှာ

အဆုံးသတ်တိုက်ပွဲ ကျတော်တို့နွှဲဖို့ပဲ ။

ရွှေပြည်တော်ဟာ မျှော်တိုင်းမဝေးတော့ဘူး ။

ဝမ်းနည်းစရာသတင်းတွေ ဖတ်မိရင် မငိုပါနဲ့ မမခင်


ရင်ခုန်ပါ ၊ ရှင်သန်ပါ ၊ မျှော်လင့်ပါ

ရောင်နီကျင်းနေ့သစ်ရဲ့မနက်ဖြန်တွေတိုင်းမှာ 

မဝေးတော့တဲ့ အနာဂတ်သစ် ရှိနေတယ် .. 

သပြေပင်လေးတွေ စိုက်လို့ ကြိုနေပေးပါ ….။


-ဉာဏ

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ