" ကမ္ဘာကြေသော်လည်း ငြိုးရယ်မပြေ "
ဆေးနံ့မခြောက်သေးတဲ့
အနီရောင်ဒေါင်းအလံရဲ့အောက်မှာ
ကျွန်တော့်နာမည်လေး
Tattoo...ထိုးထားခဲ့ပါပြီ။
လာမည်... ကြာမည်။
စကားရပ်လို
နှေးတုန့်နှေးကန်ခြေလှမ်းတွေလည်း
မြင်ရိုင်းတွေခိုအောင်း
တောအုပ်တွေလည်း အနီရောင်လွှမ်းခဲ့ပြီ။
သားချော့တေးနဲ့ချောသိပ်မှ
အိပ်ပျော်တတ်တဲ့ကောင်လည်း
ခြင်တို့ရဲ့တောလည်သံအောက်မှာ
အိပ်မက်လှလှတွေဝေဆာဖူးပွင့်ခဲ့ပါပြီ။
မပြည့်မစုံအနေထားနဲ့
အရာရာချို့ယွင်းလှတဲ့ဟောဒီစစ်မှာ
ပိုင်ဆိုင်မှုဆိုလို့
မှန်ကန်မှုကိုရွေးချယ်တတ်တဲ့
သတ္တိဗျတ္တိသာရှိခဲ့ပါတယ်။
မျှော်လင့်မထားတဲ့ဒုက္ခအပေါင်းကို
"အမိမြေ"ဆိုတဲ့ဆေးနဲ့ဆိုးတော့
သွေးထွက်လွန်တဲ့ဒဏ်ရာလည်း
တစ်ခဏချင်းကျက်ခဲ့ပါတယ်မေမေ။
နေသာသလိုနေလိုက်ရင်
မဖြေသာစရာတွေချည်းစုပုံလာမှာမို့
အကောင်းအတိုင်းပြန်ဖြစ်မလာရင်တောင်
အဆိုးတွေကိုတော့ ရင်ဆိုင်ဖြတ်ကျော်ရပါဦးမယ်။
ချစ်ခြင်းတရားတွေချန်ခဲ့...
ချစ်ခြင်းမေတ္တာတွေနေရစ်ခဲ့...
ပြန်လာဖို့မသေချာတဲ့လမ်းမှာ
မျှော်နေသူတွေအပူဝေနေမှာလည်းဆိုးတယ်။
ကြားရတဲ့နာေရးသတင်းတွေထဲမှာ
သံဝေဂသံတွေပါလာခဲ့ရင်
ကျိုးပြတ်သွားတဲ့ခြေထောက်ဟာ
လမ်းထလျှောက်ဖို့ဝန်မလေးခဲ့ဘူးမေမေ။
"ကမ္ဘာမကြေ"သီချင်းကို
မြန်မာပြည်ရဲ့တစ်နေရာက
ကျွန်တော်သီဆိုလိုက်ပါတယ်။
မဆိုင်သလိုနေပြီး
မသိသလိုရှောင်လွှဲကြတဲ့
အဲဒီ...ဝိသေသလမ်းခွဲမှာ
ကျွန်စနစ်အောက်က
ကျောင်းတော်သားအပေါင်းတို့
လိပ်ပြာလုံကြပါစေကွယ်။
အပြာကားတစ်ကားကို
စနစ်တကျကြည့်ရှုတတ်တဲ့ကောင်ဟာ
မြို့ပြရဲ့လူသတ်ကွင်းထဲ
အကာအကွယ်မရှိချင်းနင်းဝင်ရောက်လာခဲ့တယ်။
ခေတ်ရေစီးကြောင်းထဲ
အနာဂတ်တွေအမှိုက်ဖြစ်ရမှာ
ကျွန်တော်ကြောက်တယ် မေမေ။
ဘယ်သူနဲ့မှ...
ဘာစကားမှ...
မပြောဖြစ်ခဲ့ပါဘူး
ပန်းလိပ်ပြာနဲ့ထမင်းလက်စုံစားဖြစ်ခဲ့ရုံပါ။
ပိုင်ရှင်မဲ့အနိဌာရုံနဲ့
ကြေကွဲခြင်းလမ်းမများရဲ့အထက်မှာ
ရောင်နီဟာ... အလှမ်းမဝေးဘူးမေမေ။
ဖီးနစ်ငှက်ငယ်_ဖန်ခါးမြေ
PoetryZone
Done!
ReplyDelete:Done
ReplyDeleteDone
ReplyDelete