ခြင်တစ်ကောင်အတွက် ကဗျာ
မင်းကို ငဲ့ညှာသနားတတ်ပြီး
ခွင့်လွှတ်နေတဲ့သူ(တွေ) ကို
နာကျင်အောင် ထပ်ခါတလဲလဲလုပ်ရင်..
မင်းခန္ဓာကိုယ်ထဲက သွေးတွေဟာ
မင်းကို ပုန်ကန်စီးဆင်းလိမ့်မယ်။
.
အမှန်တရားဟာ နောက်ကျတတ်ပေမဲ့
တကယ်ရောက်လာမယ်ဆိုတာကတော့
သေချာတယ်။
.
လူဆိုတာ..
တလောကလုံးအပြင်
ဘုရားကိုပါ တက်ပြီး
ညာပစ်လိုက်လို့ရတယ်။
ဒါပေမဲ့..
မင်းကိုယ်မင်းတော့ ညာလို့မရ။
.
ဘယ်သူရေးတဲ့ကဗျာဖြစ်ဖြစ်
ဒုက္ခနဲ့ဆို ပိုလှလာမယ်
ပန်းပွင့်ကလေးတွေရဲ့ သဘာဝရနံ့ကို
ကမ္ဘာကျော်ရေမွှေးတွေကတောင်
အတုခိုးရတယ် ဆိုတာလည်း
မင်းမမေ့နဲ့။
.
“အိပ်လို့မပျော်ဘူး” ဆိုတာ
“စိတ်မပျော်လို့” ဆိုတဲ့
အကြောင်းအရင်းတင်မကဘဲ
မင်းစိတ်ထဲက..
အိမ်ရာမဲ့ပိုးမွှားတွေနဲ့လည်း
သက်ဆိုင်တယ်။
.
ဖြူစင်ယောင်ဆောင်နေလည်း
မင်းရဲ့အိပ်ခန်းထောင့်ကနေ..
တစ်စုံတယောက်က
မင်းကို တည့်တည့်စိုက်ကြည့်နေတယ်။
.
ကျိန်စာဆိုတာ..
စကားလုံးတွေသက်သက်ပဲမဟုတ်
မင်းရဲ့ဝှက်ဖဲကြောင့် ထိခိုက်ခဲ့ရသူရဲ့
နာကျင်မွန်းကြပ်မှုပဲ။
.
ဟန်ဆောင်လိမ်ညာမှုဆိုတာ
ခြင်တစ်ကောင်ပဲ။
ခုနှစ်ရက်ပဲ အသက်ရှင်နိုင်တယ်။
ဒီဇာတ်လမ်းမှာ…
ဘယ်သူက ဘယ်လောက်ဖြူစင်ခဲ့သလဲ
ဘုရားရိုက်တဲ့အခါ ပေါ်လွင်လာမယ်။
.
ဒီကမ္ဘာမှာ..
အဖြေဆီကနေ
လွတ်အောင်ထွက်ပြေးနိုင်တဲ့သင်္ချာပုစ္ဆာ
မရှိသေးဘူးဆိုတာကိုတော့
ငါက အတိအကျယုံတယ်။
.
ကျော်ညိုသွေး
Done!
ReplyDeleteDone
ReplyDelete