နွံနစ်နေသော တိုင်းပြည်နှင့် တစ်ယောက်တစ်ပေါက် ခေါင်းဆောင်ကြီးများ
" ဇွန်ပန်းရုံအနီး
လှည်းဘီးနွံထဲကျွံနေသည်။
ကူ၍တွန်းပေးကြပါ။
လေးလွန်း၍ မတွန်းနိုင်ဘူးလား။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။"
ငယ်ငယ်က အော်ကျက်ခဲ့ရတဲ့ ကဗျာလေးကို သတိရမိတယ်။ ပထမတန်း မြန်မာဖတ်စာထဲမှာပါတဲ့ ကဗျာပါ။ မြန်မာအစိုးရကျောင်းနေသူတိုင်း ဒီကဗျာကို နှုတ်တိုက် ကျက်မှတ်ဖူးကြပါလိမ့်မယ်။ အခုထိလည်း အလွတ်ရကောင်း ရပါလိမ့်မယ်။ ကဗျာထဲမှာပါတဲ့ ဇွန်ပန်းရုံကို ကျနော် သိတယ်။ လှည်းဘီးကိုလည်း ကျနော်သိတယ်။ အညာဒေသမှာ ဇွန်ပန်းရုံတို့၊ နွားလှည်းတို့ဆိုတာ နေ့စဥ်လိုလို မြင်တွေ့ရတတ်တယ်။ ဒါပေမယ့် အဲ့ဒီအချိန်က ကဗျာ အဓိပါယ်ကို ကျနော် နားမလည်ခဲ့ပါဘူး။ ဘာကိုဆိုလိုမှန်း မသိခဲ့ပါဘူး။ ပထမတန်းဆိုတော့ အသက်ကလည်း ၅ နှစ်၊ ၆ နှစ်ရှိအုံးမယ်ဆိုတော့ နားမလည်ခဲ့သေးပါဘူး။ ထုံးစံအတိုင်း အာဂုံရမှ အာဂလူ၊ ဆရာမအလိုကျ အော်သာကျက်ပေရော့။ အခုတော့ ဒီကဗျာကို ကျနော် ပြန်တွေးတယ်။ တစိမ့်စိမ့်တွေးပြီး တငွေ့ငွေ့စိတ်မကောင်းဖြစ်ရတယ်။
ကျနော် စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းရင်းက ခုကာလမှာ ဒီကဗျာအော်သံ သိပ်မကြားရလို့ပါ။ အနည်းဆုံးတော့ ကလေးအများစု ကဗျာတွေ မရွတ်နိုင်ပါ။ အနည်းဆုံးတော့ စစ်ကောင်စီ မီးရှို့ခဲ့တဲ့ ကျေးရွာတွေမှာ ကလေးသူငယ်အားလုံးနီးပါး ပညာသင်ယူနိုင်ကြခြင်း မရှိကြပါ။ နိုင်ငံရေး အကျပ်အတည်းကြား မြေစာပင် ကလေးသူငယ်များ စာမအော်နိုင်တော့၊ ဝလုံး ဝိုင်းခွင့် မရကြတော့ပါ။ သောင်းချီ သိန်းချီသော ကလေးများ ပညာသင်ယူခွင့်ဆုံးရှုံးလျက်ရှိပါတယ်။ ကလေးတွေဟာ နွံထဲနစ်နေပါပြီ။ အရွယ်နဲ့မမျှအောင် နွံထဲ နစ်နေပါပြီ။ ဘယ်သူ တွန်းမလဲ၊ ပြိုင်တူရော တွန်းကြမှာလား။
စစ်အာဏာသိမ်းမှုနောက်ပိုင်း ဆိုးရွားလာတဲ့ ဒုက္ခတွေကို ခံစားကြရတာဟာ ကလေးများသာ မကပါဘူး။ ပညာရေးစနစ်တစ်ခုလုံးဟာ ကမောက်ကမ ဖြစ်ကုန်ပါတယ်။ ပညာရေးပဲလားဆိုတော့ မဟုတ်သေးဘူး။ မြန်မာနိုင်ငံဟာ အဖက်ဖက်က ချွတ်ခြုံကျနေခြင်းဖြစ်တယ်။ ပြည်သူများဟာ ဒုက္ခအခက်အခဲမျိုးစုံကို ခါးစည်း ရင်ဆိုင်နေကြရတယ်။ ယခင်က ပိုက်ဆံမရှိလို့ ကြက်ဥပြုတ် စားလို့ရတယ်။ အခု ကြက်သွန်နီဥကို ပြုတ်ပြီး ဆားဖြူးစားရမယ်ထင်တယ်လို့ ဖေ့စ်ဘုတ်မှာ လူတစ်ယောက် ရေးထားတာ တွေ့တယ်။ အခြေခံကုန်ပစ္စည်းတွေက အားလုံး စျေးတက်ကုန်ကြပါတယ်။ ဆန်စျေး၊ ဆီစျေးတက်တယ်။ ကြက်ဥစျေးတက်တယ်။ ပြည်သူတွေဟာ စတင် ငတ်မွတ်လာကြပါတယ်။ ငတ်မွတ်လာမှုနဲ့အတူ ရာဇဝတ်မှုတွေကလည်း များလာတယ်။ ရာဇဝတ်မှုတွေကို ကာကွယ်တားဆီးမယ့် ယန္တရားလည်း မရှိတော့ဘူး။
ရဲတို့ စစ်တပ်တို့ဆိုတာလည်း သူခိုးအကြီးစား၊ လူသတ်သမားအကြီးစား၊ ပြည်သူကို ရန်သူသဖွယ် နှိပ်စက်ကလူ ပြုနေကြတာ လူတိုင်းအသိပဲဖြစ်တယ်။ စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲနဲ့ သူတို့လက်ဝေခံအမျိုးမျိုးဟာ ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေတယ်။ ရွာတွေကို မီးရှို့တယ်။ ပြည်သူ့အတွက် ရပ်တည်သူတွေကို ဖမ်းဆီးအကျဥ်းချ၊ တချို့ကို သတ်ပစ်တယ်။ အာဏာရူးသူတစ်စုရဲ့ မိုက်ရူးရဲဆန်မှုကြားမှာ တိုင်းပြည်ဟာ ဆိုးရွားလှတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်။ ပြည်သူတွေဟာ စစ်တပ်ကို ကြောက်ရ၊ ရဲကိုကြောက်ရ၊ ခိုးဆိုးလုနှိုက်ကို ကြောက်ရ ဖြစ်နေတယ်။ အလုပ်အကိုင်မရှိ၊ ကုန်စျေးနှုန်းတက်လို့ အငတ်ဘေးကိုလည်း ရင်ကော့ခံရတယ်။ နိုင်ငံကြီးတော့ နွံနစ်နေပါပြီ။ တော်တော်နက်တဲ့ နွံထဲကို တအိအိ နစ်မွန်းနေပါပြီ။
လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်သတဲ့။ အဲ့ဒီလို ကျနော် ကြားဖူးတယ်။ ကျနော်တို့ ပြည်သူတွေမှာလည်း မျှော်လင့်ချက်ရှိပါတယ်။ ဒီနွံထဲကနေ လွတ်မြောက်မယ့်ကာလကို မျှော်တလင့်လင့် ဖြစ်နေပါတယ်။ စစ်အာဏာရှင်ပြုတ်ကျပြီး အရေးတော်ပုံအောင်မယ့်ကာလကို မျှော်လင့်နေကြတယ်။ ဖက်ဒရယ်ဒီမိုကရေစီကို မျှော်လင့်ကြတယ်။ ပြည်သူတွေဟာ ဒီတိုင်း ထိုင်ပြီး မျှော်လင့်တာတော့ မဟုတ်ပါ။ နိုင်ရာဝန်ကို ထမ်းဖို့ ကြိုးစားကြပါတယ်။ ပြည်သူတွေဟာ လမ်းပေါ်ထွက်ပြီး ဆန္ဒပြတယ်။ စစ်တပ်ထုတ်ကုန်တွေကို သပိတ်မှောက်ကြတယ်။ CDM လုပ်ကြတယ်။ အသက်စွန့်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်ကြတယ်။ ချွေးနဲစာလေးတွေကို အရေးတော်ပုံအတွက် ထည့်ဝင်တယ်။ ရှိစုမဲ့စုလေးတွကို ရောင်းချပြီး တော်လှန်ရေးကို ပံ့ပိုးကြတယ်။ ပြည်သူတွေဟာ တော်လှန်ရေးအတွက် အများကြီး ထည့်ဝင်ကြပါတယ်။ မျှော်လင့်ချက်အတွက် ပေးဆပ်မှုတွေ ပြုကြတယ်။ အကျပ်အတည်းကာလက လွတ်မြောက်ဖို့အတွက် နိုင်ရာဝန်ကို ထမ်းကြတယ်။
မြန်မာ့တော်လှန်ရေးကို ကြည့်တဲ့အခါ လက်ရှိနွေဦးတော်လှန်ရေး တစ်ခုတည်းကို ကြည့်လို့မရပါ။ ခေတ်အဆက်ဆက်မှာ တော်လှန်ရေးတွေ တောက်လျောက် ဆင်နွှဲခဲ့ကြတာဖြစ်ပြီး ယခု တော်လှန်ရေးဟာ ယခင်တော်လှန်ရေးတွေနဲ့ ဆက်စပ်ပါတယ်။ ခေတ်အဆက်ဆက် ဒီမိုကရေစီ လှုပ်ရှားမှုများ၊ လွတ်လပ်ရေးနဲ့အတူ ဖြစ်ပေါ်လာတဲ့ ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် ဖက်ဒရယ်အရေး လှုပ်ရှားမှုများကို ကြည့်ရမှာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ ပြောဆိုနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီဟာ သမိုင်းကြောင်းနဲ့ချီပြီးလာပါတယ်။ အဲ့ဒီသမိုင်းကြောင်း ရှည်ကြာလှတဲ့ တော်လှန်ရေးကို ပြန်လေ့လာတဲ့အခါ တွေ့ရမှာ တစ်ခုရှိတယ်။ အဲ့ဒါက ကျနော်တို့ဟာ အတိတ်သမိုင်းမှာ ပြိုင်တူ မတွန်းခဲ့ကြဘူးဆိုတာ ဖြစ်တယ်။
စစ်အာဏာရှင်ကို တော်လှန်ရာမှာ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ တော်လှန်ခဲ့ကြတဲ့ အင်အားစုတွေရှိတယ်။ ပြီးတော့ လက်နက်ကိုင်နည်းလမ်းနဲ့ တော်လှန်ခဲ့ကြသူတွေ ဖြစ်တယ်။ ရည်မှန်းချက်ကလည်း အမျိုးမျိုး၊ တော်လှန်ရေးနည်းနာတွေကလည်း အမျိုးမျိုးရှိကြတယ်။ အဲ့ဒီလို ခေတ်အဆက်ဆက် တော်လှန်ပေမယ့် စစ်အာဏာရှင်ဟာ အခုထိ အရှင်လတ်လတ်ကြီးရှိနေတယ်။ ၂၀၂၂ ခုနှစ်အထိ တော်လှန်နေကြရဆဲ ဖြစ်ပါတယ်။
အတိတ်တုန်းက တော်လှန်တဲ့အခါ တစ်ဖွဲ့က စစ်အာဏာရှင်ကို တိုက်နေတဲ့အချိန်မှာ အခြားအဖွဲ့က ငြိမ်နေတယ်။ တစ်ဖွဲ့က အသက်ပေးနေတဲ့အချိန်မှာ အခြားတစ်ဖွဲ့က အပစ်အခတ် ရပ်စဲရေး လုပ်ကြတယ်။ ဆန္ဒပြတဲ့အခါမှာလည်း အဲ့လိုပဲ။ ဦးဆောင်သူများဟာ ဟန်ချက်ညီညီလှုပ်ရှားကြတာ ရှားတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်ရာမှာ အကွဲကွဲအပြားပြား ဆန့်ကျင်ကြပါတယ်။ အကြမ်းမဖက် ဒီမိုကရေစီလှုပ်ရှားမှုများနဲ့ လက်နက်ကိုင်တော်လှန်ရေးဟာလည်း မစုမိကြဘူး။ ပြိုင်တူဟန်ချက်ညီညီ မလှုပ်ရှားနိုင်ခဲ့ဘူးလို့ ပြောလို့ရပါတယ်။ အားလုံးအတူတူ စုစည်းပြီး တော်လှန်ဖို့ တပ်ပေါင်းစုတွေ၊ မဟာမိတ်တွေဖွဲ့ဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ကြပါဘူး။ ကျနော်တို့ဟာ နစ်နေတဲ့ လှည်းဘီးကို တစ်ယောက်တစ်လှည့် တွန်းခဲ့ကြတာ ဖြစ်တယ်။ တစ်ယောက်တစ်လှည့် တွန်းတော့ နစ်နေတဲ့ လှည်းဘီးဟာ မရွေ့ခဲ့ပါဘူး။ အတိတ်လို့ပြောတော့ အခုရော ဘယ်လိုတော်လှန်နေကြသလဲ။
အခုလည်း တချို့နေရာတွေက ကြွတဲ့အချိန်မှာ အခြားနေရာက ငြိမ်တယ်။ တချို့အဖွဲ့တွေ လှုပ်ရှားတဲ့အခါ တချို့အဖွဲ့တွေက ရပ်နေတယ်။ ဒါကြောင့်ပဲ စစ်ကောင်စီရဲ့ အဖိနှိပ်ခံနေရတာ ဖြစ်တယ်။ ပြည်သူ့ဘက်က ပိုအထိနာရတာဖြစ်တယ်လို့ မြင်ပါတယ်။ ဒီနည်းနဲ့ပဲ စစ်ဘီလူးဟာ ပလ္လင်မြဲနေတာ ဖြစ်ပါတယ်။ တိုင်းပြည်ဟာ နွံထဲမှာ နစ်မြဲနစ်နေတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်များ၊ PDF များအပါအဝင် တော်လှန်ရေးရဲ့ ဦးဆောင်မှုအပိုင်းမှာရှိတဲ့ အစုအဖွဲ့ အသီးသီးဟာလည်း ဟန်ချက်ညီလှုပ်ရှားတာမျိုး သိပ်မတွေ့မိပါ။ စစ်ကောင်စီနဲ့ တွေ့တဲ့အဖွဲ့တွေ၊ မိမိလမ်းကြောင်းအတိုင်း သွားမယ်ဆိုတဲ့အဖွဲ့တွေ၊ NUCC ထဲမှာပါဝင်ပြီး သွားမယ်ဆိုတဲ့ အဖွဲ့တွေ မျိုးစုံရှိပါတယ်။ တော်လှန်ရေးကို ကျနော်တို့ဟာ နည်းနာပေါင်းစုံနဲ့ ဆင်နွှဲလို့ရတာ မှန်ပါတယ်။ တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း တော်လှန်လို့ရတာ မှန်ပါတယ်။ သို့သော် မတူညီတဲ့ နည်းလမ်းတွေဟာ ဟန်ချက်ညီဖို့ လိုအပ်တယ်။ မဟာဗျူဟာကျကျ ပြိုင်တူရွေ့ဖို့လိုအပ်ပါတယ်။ မဟုတ်ရင်တော့ တိုင်းပြည်ဟာ နွံထဲက ထွက်နိုင်မည့်လမ်း မမြင်မိပါ။
ထမင်းနပ် မမှန်တော့တဲ့ ပြည်သူ၊ ပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ မျိုးဆက်၊ နေ့စဥ်မီးရှို့ခံနေရတဲ့ ကျေးရွာနဲ့ လူမစုံတော့တဲ့ မိသားစုတွေကို ကြည့်ပါ။ ကျနော်တို့ နိုင်ငံဟာ အဘက်ဘက်က ဒုက္ခရောက်နေကြပါတယ်။ စစ်ဘီလူးတွေရဲ့ သောင်းကျန်းမှုကို နေ့စဥ်နဲ့အမျှ ခံနေကြရပါတယ်။ ဒီတိုင်းပြည် ပြန်ကောင်းလာဖို့ဆိုတာ စစ်အာဏာရှင်ပြုတ်ကျမှ ဖြစ်မယ်။ စစ်အာဏာရှင်ပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ထောင်နိုင်မှဖြစ်မယ်။ ဒါမှ နွံထဲက လွတ်မယ်။ ဒီလိုဖြစ်ဖို့ဆိုရင် ကျနော်တို့ဟာ စုပေါင်းဆောင်ရွက်မှုလိုအပ်တယ်။ ဟန်ချက်ညီညီလှုပ်ရှားနိုင်ဖို့ လိုအပ်တယ်။ မဟာဗျူဟာကျကျ ချဥ်းကပ်ကြဖို့ လိုအပ်တယ်။ တစ်ယောက်တစ်ပေါက်နဲ့ဆိုရင်တော့ ကမောက်ကမနဲ့ တော်လှန်ရေး အဓွန့်ရှည်နေမှာ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ဒုက္ခတွေကို ရေရှည်ခံနေရမှာ ဖြစ်ပါတယ်။ ပြိုင်တူတွန်းမှ ရွေ့ပါလိမ့်မယ်။ ပြိုင်တူတွန်းတဲ့ အခါမှာလည်း ဘယ်ဘက်ကို တွန်းနေသလဲဆိုတာ အရေးကြီးပါတယ်။ တစ်ဖက်တည်းမှာ အင်အားတွေစုပြီး တွန်းတာမဟုတ်ပဲ နောက်က တွန်းသူတွန်း၊ ရှေ့က တွန်းသူတွန်း၊ ဘေးက တွန်းသူတွန်းဆိုရင်တော့ ဘယ်မှာမှ ရွေ့မည်မဟုတ်ပါ။ ဘုံရည်မှန်းချက်၊ ဘုံပန်းတိုင်းကို ဦးတည်တဲ့ အတွန်းမျိုးတွန်းမှသာလျှင် ရွေ့မှာဖြစ်ပါတယ်။ နိုင်ငံတော်ကြီး နွံထဲက လွတ်မြောက်မှာဖြစ်ပါတယ်။ လေးစားရပါသော ခေါင်းဆောင်ကြီးများ ခင်ဗျား။ လှည်းဘီးကတော့ နွံထဲ ကျွံနေပါပြီ။ ပြိုင်တူတွန်းဖို့ ဆန္ဒရှိကြပါရဲ့လား ခင်ဗျား။
ဘကြီးတေ
MyitKwae
:Done
ReplyDeleteDone
ReplyDelete