စိတ်ဓာတ်စစ်ဆင်ရေး ပေါ့ပေါ့မတွေးစေလို ...
၁။ဆိုက်ဝါး
တော်လှန်ရေးကာလမှာ “ အဲဒါ ဆိုက်ဝါး” ပါ
ဆိုပြီး တော်တော်များများ မှတ်ချက်ပြုကြတဲ့
ကိစ္စတွေရှိပါတယ်။
အထူးသဖြင့် စစ်ကောင်စီအနေနဲ့ ပြည်သူလူထုကို အာရုံလွှဲလိုတဲ့အခါ သတင်းအတုတွေလွှင့်တာ၊ အဖြစ်အပျက်အတုတွေ လုပ်ကြံဖန်တီးတာ၊
ကောလဟာလတွေ နဲ့ ကစားတာတွေနဲ့ ကြုံတဲ့အခါမှာ ဆိုက်ဝါးဆိုတဲ့စကားကို တွင်တွင်ကျယ်ကျယ်ပြောလာကြပါတယ်။
ဆိုက်ဝါးဆိုတာကတော့ psy war ဆိုတဲ့ အင်္ဂလိပ်စကားလုံးဖြစ်ပြီး မြန်မာလိုတော့ စိတ်ဓာတ်စစ်ဆင်ရေးလို့ ခေါ်ရမှာဖြစ်ပါတယ်။တကယ်တော့ ပြည်သူတွေက ဆိုက်ဝါးပါဆိုပြီး လွယ်လွယ်ကူကူ မှတ်ချက်ချတဲ့ အကြောင်းအရာတွေ ဖြစ်စဉ်တွေဟာ စစ်ကောင်စီဘက်က စနစ်တကျ ထိန်းချုပ်ပြုလုပ်နေတဲ့ တကယ့် ဆိုက်ဝါးအစစ်တွေ မဟုတ်တာက များပါတယ်။
စစ်ကောင်စီရဲ့ တကယ့် စိတ်ဓာတ်စစ်ဆင်ရေးကိုတော့ ပြည်သူတွေ ကျောကော့နေအောင် ခံခဲ့ရပါတယ်။ အာဏာသိမ်းပြီးပြီးချင်းထွက်လာတဲ့ ၇၂ နာရီကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီဆိုတဲ့ ကောလဟာလ တွေက သက်သေပဲဖြစ်ပါတယ်။ ရန်သူကို လျှော့မတွက်သင့်သလို ပိုလည်း မတွက်သင့်ဘူးလို့ ပြောကြတဲ့နေရာမှာ စစ်ကောင်စီကို လျှော့မတွက်သင့်တာက စိတ်ဓာတ်စစ်ဆင်ရေးအပိုင်းမှာပါပဲ။
ကိုယ့်ဘက်က စစ်ကောင်စီကို စိတ်ဓာတ်စစ်ဆင်နိုင်မှု အင်မတန် အားနည်းသလောက် စစ်ကောင်စီရဲ့ လှည့်ကွက်တွေအောက်မှာတော့ တော်လှန်ရေးအင်အားစုတွေ အပါအဝင် ပြည်သူတွေ အလူးအလဲဖြစ်နေကြရပါတယ်။ ဆိုလိုရင်းကတော့ စစ်ကောင်စီ တကယ် လုပ်ဆောင်နေတဲ့ စိတ်ဓာတ်စစ်ဆင်ရေးဟာ ဆိုက်ဝါးပါကွာ ဆိုတာလောက်ထက် အများကြီး သာနေတယ် ဆိုတာပါပဲ။
၂။ ပြည်သူ့ဘက်က စိတ်ဓာတ်စစ်ဆင်ရေး
စစ်ကောင်စီကို တော်လှန်နေတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကတော့ အင်အားနည်းပါတယ်။
စိတ်ဓာတ်စစ်ဆင်ရေး တပ်ဖွဲ့ဆိုတာလည်း စနစ်တကျ ဖွဲ့ထားတာ မရှိတော့ သေချာဗျူဟာချပြီးမလုပ်နိုင်ခဲ့ပါဘူး။
မလုပ်နိုင်တဲ့အပြင် အမှားအယွင်းတွေလည်းများပါတယ်။ ဥပမာ တိုက်ပွဲတစ်ပွဲမှာ ကိုယ့်ဘက်က အထိအခိုက်ကို မဖော်ပြဘဲ တစ်ဘက်ကထိခိုက်မှုကိုတော့ ချဲ့ကားဖော်ပြတာတွေဟာ တစ်ဖက်ကို ထိုးနှက်ဖို့ထက် ရယ်စရာဖြစ်နေပါတယ်။
ဒါ့အပြင် အဆိုးဆုံးကတော့ ကိုယ့်ဘက်က ထိသွားတာတွေ မတော်တဆမှုတွေဖြစ်ရင် အလွယ်တကူ ပျူစောထီးဆိုပြီး ပုံဖျက်တာတွေ ဖြစ်ပါတယ်။
တဖက်ရန်သူကို စိတ်ဓာတ်စစ်ဆင်ရာမရောက်ဘဲ စတေးခံပြီး လုပ်ပေးသွားရတဲ့ အာဇာနည်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို စော်ကားသလိုမျိုးဖြစ်စေပြီး ကိုယ့်လူအချင်းချင်း စိတ်ဓာတ်ကျစေတဲ့ အပြုအမူတွေပါပဲ။
လူမှုကွန်ရက်မှာလည်း တဖက်ရဲ့ စာတွေကို ရယ်စရာ ရီအက်ရှင်သွားပေးတာတွေ ပြန်မျှဝေပြီး ဆဲဆိုတာတွေကို စိတ်ဓာတ်စစ်ဆင်ရေးလို့ထင်နေကြပါတယ်။ ဒါ့အပြင် စစ်တပ်ချစ်သူများ ဆိုပြီး Group တွေဖွဲ့ထားပြီး သရော်ပြောင်လှောင်နေတာမျိုးကို စိတ်ဓာတ်စစ်ဆင်ရေးလို့ထင်နေကြပါတယ်။
တကယ်တော့ စိတ်ဓာတ်စစ်ဆင်ရေးဆိုတာ အဲဒီအဆင့်လောက်ကို ခေါ်တာမဟုတ်ပါဘူး အဲ့ဒီထက် အများကြီးကျယ်ပြန့်တယ်ဆိုတာ စစ်တပ်က လုပ်သွားတဲ့ စိတ်ဓာတ်စစ်ဆင်ရေးရဲ့ နမူနာ တချို့ကို ကြည့်ပြီး သင်ခန်းစာယူရပါမယ်။
၃။ စစ်တပ်ရဲ့ ဝါဒဖြန့်ချိမှု လမ်းစဉ်
စစ်တပ်ရဲ့ ဝါဒဖြန့်ချိမှု စိတ်ဓာတ်စစ်ဆင်ရေးကို သေချာလေ့လာကြည့်ရင် ကြောက်စရာကောင်းတဲ့ လုပ်ဆောင်မှုတွေ တွေ့ရမှာဖြစ်ပါတယ်။ စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ဝါဒဖြန့်ချိမှု လမ်းစဉ် ၄ ရပ်ရှိပါတယ်။
၁။ စည်းရုံးခြင်း
၂။ သွေးခွဲခြင်း နဲ့
၃။ ထင်ယောင်ထင်မှားဖြစ်စေခြင်း
၄။စည်းရုံးခြင်း
နည်းလမ်း ၃ မျိုးကို အဓိကထားသုံးတဲ့ စစ်ကောင်စီရဲ့ စိတ်ဓာတ်စစ်ဆင်ရေးဟာ တော်လှန်ရေးကာလမှာ ပြည်သူတွေရော တော်လှန်ရေးအင်အားစုတွေပါ ဖရိုဖရဲဖြစ်စေခဲ့ပါတယ်။
ပထမဆုံး နည်းလမ်းဖြစ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ စည်းရုံးခြင်းနည်းလမ်းကို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေထဲက ပျူစောထီး(ပြည်သူ့စစ်) ဖွဲ့စည်းတဲ့ နေရာမှာသုံးသွားပါတယ်။
အရပ်အခေါ် အနီနဲ့ အစိမ်းမှာ စစ်တပ်သတင်းပေးတဲ့ အစိမ်းတွေဟာ ဒလန်ရှင်းလင်းရေးမှာ ပါသွားတတ်တာမျိုးရှိလို့ အစိမ်းခေါ် ပြည်ခိုင်ဖြိုး အားပေးတဲ့ ရွာက လူတွေဆီကို စစ်တပ်က သတင်းစကားတစ်ခုပေးပြီး စိတ်ဓာတ်စစ်ဆင်စည်းရုံးခဲ့ပါတယ်။
“ သူတို့လာသတ်တာခံမလား . . ကိုယ့်ကိုယ်ကိုယ် ကာကွယ်မလား . . ကာကွယ်မယ်ဆိုရင် လက်နက်ပေးမယ်”ဆိုပြီး စည်းရုံးခဲ့ရာမှာ ပျူစောထီး ပြည်သူ့စစ်တွေ ပေါ်ပေါက်လာပါတော့တယ်။
သူတို့ရဲ့ စည်းရုံးရေးဟာ စစ်တပ်ကို သတင်းမပေးရင် ဒလန်အဖြစ်မသတ်မှတ်ဘူးဆိုတဲ့ အချက်လေးတစ်ခုကိုပဲ ဖျောက်ပြီး အမှန်တရားအချို့ကို အခြေခံပြီး တစ်ဖက်စိတ်ဓာတ်ကို တက်ကြွအောင် ဆွပေးပြီးစည်းရုံးသွားတာပါ။
ဒီလိုစည်းရုံးချက်တွေကို ဘယ်တော်လှန်ရေးအင်အားစုကမှ သတိထားဖြေရှင်းနိုင်ခြင်းမရှိခဲ့လို့ အခုတော့ ပျူစောထီးတွေရဲ့ ဒုက္ခပေးမှုကို ခံနေရပါပြီ။
ဒါ့အပြင် မျက်ကန်းမျိုးချစ် ဘာသာရေးသမားတွေကိုလည်း အမျိုးဘာသာ သာသနာဆိုပြီး မက်လုံးပေးစည်းရုံးသွားတာ တွေ့ရဦးမှာပါ။
၅။ သွေးခွဲခြင်း
သွေးခွဲခြင်းနည်းဟာလည်း အရေးကြုံတိုင်း စစ်ကောင်စီသုံးတတ်တဲ့ စိတ်ဓာတ်စစ်ဆင်ရေးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။
လက်ရှိတော်လှန်ရေးဖြစ်စဉ်မှာတော့ တော်လှန်ရေးအင်အားကောင်းတဲ့ စစ်ကိုင်းတိုင်းရဲ့ အထက်ပိုင်းက ရှမ်းနီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို စနစ်တကျ သွေးခွဲနိုင်ခဲ့ပါတယ်။
စိတ်ဓာတ်စစ်ဆင်ရေးနည်းလမ်းကို ပိုင်နိုင်တဲ့ စစ်ကောင်စီဟာ ရှမ်းနီတို့ရဲ့ အားနည်းချက်ဖြစ်တဲ့ နိုင်ငံရေးသုံးသပ်မှုအားနည်းခြင်း၊ အမျိုးချစ်ခြင်း၊ KIA ကို မလိုလားခြင်း စတာတွေကို အခြေတည်ပြီး PDF နဲ့ SNA ကြား ကုလားဖန်ထိုးပါတယ်။
ဒါ့အပြင် စည်းရုံးသိမ်းသွင်းခြင်းနည်းနဲ့ SNA သဘောကျလောက်မယ့် ရှမ်းနီပြည်နယ်အိပ်မက်ကို နှိုးဆွပါတယ်။ နောက်ဆုံးမှာ SNA ဟာ PDF နဲ့ ရန်သူဖြစ်လာပြီး အပြန်အလှန် ပစ်ခတ်ဖမ်းဆီးတာတွေ ရှိလာခဲ့ပါတယ်။
စစ်ကောင်စီကလည်း အလွယ်တကူ SNA ကို မိတ်ဆွေဖွဲ့ နိုင်ခဲ့ပါတယ်။ ဒီအချက်တွေကိုလည်း တော်လှန်ရေးအင်အားစုတွေ ဘာမှ အဖြေရှာကာကွယ်နိုင်ခဲ့ခြင်းမရှိပါဘူး။
၆။ ထင်ယောင်ထင်မှားဖြစ်စေခြင်း
ဒစ်ဂျစ်တယ်ခေတ် ရောက်ရှိလာတဲ့အခါ တော်လှန်ရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်ချက်ကြောင့် နာမည်ကျော်လာသူတွေ ရှိပါတယ်။
သူတို့နဲ့ ပြည်သူကို ထင်ယောင်ထင်မှားဖြစ်စေခြင်းနည်းနဲ့ စစ်ကောင်စီက စိတ်ဓာတ်စစ်ဆင်လေ့ရှိပါတယ်။ တလောက နာမည်ကျော်ခဲ့တဲ့ Kaung 4 You အွန်လိုင်းကျောင်းရဲ့ ဖြစ်စဉ်မှာဆို စစ်တပ်ဟာ စနစ်တကျ စုံစမ်းထောက်လှမ်းပြီး ကျောင်းသားစာရင်းအချက်အလက်တွေ ပေါက်သယောင် message တွေပို့ ငွေညှစ်ရင်း ကျောင်းရဲ့ တည်ထောင်သူကိုပါ ခြေရာခံဖမ်းပြပြီး အွန်လိုင်း ဖက်ဒရယ် ပညာရေးကို စိတ်ဓာတ်စစ်ဆင်ရေးနည်းနဲ့ တုံ့ပြန်သွားပါတယ်။
ဒါ့အပြင် Kaung 4 You ကျောင်းကို မနာလိုလို့ တခြား ဖက်ဒရယ်အွန်လိုင်းကျောင်းတွေက အချက်အလက်တွေ ဖြန့်ချိသယောင် ဖြစ်အောင် သတင်းလွှင့်ပြီး ထင်ယောင်ထင်မှားဖြစ်စေခဲ့လို့ အချင်းချင်း စွပ်စွဲပြစ်တင်မှုတွေနဲ့ ပြည်သူ့ပညာရေးစနစ်တစ်ခုအစည်းပြေခဲ့ရပါတယ်။
ဒါ့အပြင် ပေါ်ပြူလာဖြစ်နေတဲ့ ချင်းတောင်က ဒေါက်တာ အေးငြိမ်းဖြစ်စဉ်မှာလည်း ထင်ယောင်ထင်မှားဖြစ်သွားအောင် ချက်ချင်းလေကြောင်းထိုးစစ်ဆင်ခဲ့ပြန်ပါတယ်။
မြေပြင်တော်လှန်ရေးသမားတွေအနေနဲ့ ဒီကိစ္စဟာ တမင် ဉာဏ်ဆင်လုပ်ဆောင်တယ်ဆိုတာ သိကြပေမဲ့ မြေပြင်မှာ စစ်ကိုင်းတိုင်း ယင်းမာပင် ဆိုတာလောက်ကြားဖူးရုံပဲသိတဲ့ ပြည်သူတွေကတော့ ထင်ယောင်ထင်မှား စွပ်စွဲမှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ကြတာကို တွေ့ရပါတယ်။
ဒါက ဆိုက်ဝါးတွေပါလို့ ဘယ်သူမှ မပြောခဲ့ကြသလို အရင်းအမြစ်မြေပြင်အထိလည်း ဘယ်သူမှ မစုံစမ်းခဲ့ကြဘဲ စစ်ကိုင်းတိုင်းနဲ့ အဝေးကြီးကလူတွေကပဲ မှတ်ချက်အမျိုးမျိုးနဲ့ စွပ်စွဲမှုတွေ တိကျသေချာစွာ လုပ်ခဲ့ကြပါတယ်။
ဒါဟာ စစ်ကောင်စီရဲ့ ထင်ယောင်ထင်မှားဖြစ်စေအောင် တမင်ဆောင်ရွက်ခဲ့တဲ့ စိတ်ဓာတ်စစ်ဆင်ရေးဖြစ်စဉ်တွေဖြစ်ပါတယ်။
၇။ ဘယ်လိုကာကွယ်မလဲ
စစ်ကောင်စီရဲ့ စိတ်ဓာတ်စစ်ဆင်ရေးနည်းနာတွေကို သိသွားခြင်းက သူတို့ရဲ့ စိတ်ဓာတ်စစ်ဆင်မှုရန်က ကာကွယ်ဖို့ ပြင်ဆင်နိုင်လာမှာပဲဖြစ်ပါတယ်။
သတင်းအမှန်ကို နည်းမျိုးစုံနဲ့ ဖြန့်ဝေနိုင်မဲ့ ကွန်ရက်တွေ လိုအပ်သလို စစ်ကောင်စီရဲ့ ဆိုက်ဝါးအကြောင်း အသေအချာ ရှင်းပြနိုင်မဲ့ ဒေသခံ ပညာပေးသူတွေလည်း လိုအပ်ပါတယ်။
ဒါ့အပြင် ဒေသဆိုင်ရာခေါင်းဆောင်တွေ NUG/NUCC ကိုယ်စားလှယ်တွေအနေနဲ့လည်း စစ်ကောင်စီ စိတ်ဓာတ်စစ်ဆင်ရေးရန်က ဘယ်လိုကာကွယ်မလဲဆိုတဲ့ နည်းဗျူဟာ မဟာဗျူဟာတွေ ချမှတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
စိတ်ဓာတ်စစ်ဆင်ရေး တပ်ဖွဲ့ခွဲတစ်ခုကိုလည်း မဖြစ်မနေဖွဲ့ထားပြီး လိုင်းပေါ်က ဟာသလုပ်တာ သတင်းမှားဖြန့်တာလောက်ကို စိတ်ဓာတ်စစ်ဆင်ရေးလို့ သဘောမထားဘဲ တန်ပြန် စိတ်ဓာတ်စစ်ဆင်ရေးကို မူဝါဒနဲ့ လက်တွေ့ ဘယ်လိုပေါင်းစပ်လုပ်ဆောင်မလဲဆိုတာလည်း တော်လှန်ရေးအင်အားစုများနဲ့ လူထုအကြား ဆွေးနွေးညှိနှိုင်းအဖြေရှာမှုတွေကို သတိကြီးကြီးထားလုပ်ဆောင်ဖို့လိုကြောင်း။
တူမီးသိမ်းမောင်
တူမီးတော်လှန်ရေးစာစဥ််၊
အမှတ် ( ၆၃ ) တွင်ဖော်ပြသည်။
:Done
ReplyDeleteDone
ReplyDelete