" သူပုန်ပြည် "


အဓမ္မဝါဒီကိုနှစ်သက်လို့

ပြည်မချစ်တဲ့နာဇီကောင်တွေရှိတယ်။


ပြည်သစ်တည်ဖို့အရေး

သွေးနဲ့အရိုးကိုအင်္ဂတေလိုဖျော်စပ်

အသက်နဲ့ရင်းပြီးအုတ်မြစ်ချ

ဒါ...ငါတို့ပြည်ကွဆိုပြီး

အတည်ချစ်ပြတဲ့သူရဲကောင်းတွေအများကြီးရှိတယ်။


ဒါတို့ပြည် ဒါတို့မြေ တို့ပိုင်တဲ့မြေ

ကျောင်းမြေမှာငယ်ငယ်ကဆိုခဲ့ကြတယ်

နှလုံးသားနဲ့တေးမသီဘဲ

နှုတ်ပလီခဲ့ကြတဲ့ကောင်တွေက

အကြမ်းဖက်အာဏာပြလို့

တိုင်းပြည်ကိုအမှောင်ကမ္ဘာထဲပြန်ထည့်နေကြတယ်။


မှန်ကန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြန်ရဖို့

တိုင်းပြည်ကိုအမေလိုချစ်တဲ့သူတွေက

ခြေနာလက်နာအနေအထားနဲ့

အားမမျှတဲ့အနေထားနဲ့

လွန်ဆွဲပွဲကိုမာန်ကဲပြီးဝင်ဆွဲနေကြ

တကယ့်အားကပြည်သူတွေမှာရှိတယ်ဆိုတာ

အဲ့ဒီ မိစ္ဆာရူးတွေမသိဘူး။

ပျားရည်ချိုတဲ့ အကြောင်းစဥ်

မစင်ကြိုက်တဲ့လောက်တွေ မသိတာအဆန်းမှဟုတ်။ 


တိုင်းပြည်ကိုချစ်တော့သူပုန်

တိုင်းပြည်ကိုနှစ်တော့သူရဲကောင်းတဲ့

ခေတ်မကောင်းလို့ကြားလာရ

ဒီမှာ ရဲဘော်တို့

သူပုန်ဖြစ်အောင်ကြိုးစား

သူပုန်ဖြစ်ရတာဂုဏ်ယူထား

သူပုန်တွေကိုထောက်ပံ့ပေး

သူပုန်တွေကိုယုံကြည်ပေး။


သားသမီးကိုပြန်သင်္ဂြုဟ်ပေးရတဲ့မိဘ

နာကျင်စရာသိပ်ကောင်းတယ်။

ကလေးတွေပျက်စီးတာကိုမြင်ရတဲ့ဆရာ

နာကျင်စရာသိပ်ကောင်းတယ်။

မီးရှို့ခံဘုရားကျောင်းကိုမြင်ရတဲ့ဓမ္မဆရာ

နာကျင်စရာသိပ်ကောင်းတယ်။

ပြန်မလာနိုင်တော့တဲ့လမ်းကိုအပြီးထွက်

မင်္ဂလာနံနက်ခင်းပါချစ်သူရေလို့

ထပ်မပြောနိုင်သူကိုမျှော်နေတဲ့ကောင်မလေးဟာ

နာကျင်စရာသိပ်ကောင်းတယ်

နာကျင်စရာသိပ်ကောင်းတယ်

နာကျင်စရာသိပ်ကောင်းတယ်.....။


ဂုဏ်ရည်ပြည့်ဝတဲ့ဖက်ဒရယ်ဒီမိုပန်း

ဆူးအပြည့်နန်းမှာအကျဥ်းကျနေတယ်

ပြန်ရဖို့ကြိုးစားနေသူတွေအဖြစ်က

ခန္ဓာကိုယ်မှာခြစ်ရာဗရပွ

အတူညီညာဖေးမရုန်းထလို့

အဆုံးထိသွားကြမယ်

သူပုန်တွေအားနဲ့ပြည်သစ်ပြန်တည်မယ်

အားတင်းထားဟေ့...တို့နိုင်တော့မယ်။


   မောင်ရှိုင်း(ဖီးနစ်၊ယင်းမာပင်)              


MyitKwae

(မြစ်ကွေ့- လူထုတော်လှန်ရေးစာစဉ်၏ အတွဲ(၁)၊ အမှတ်စဉ်(၃၄)တွင် ဖော်ပြထားသည့်‌ ကဗျာကဏ္ဍမှ ကဗျာတစ်ပုဒ် ဖြစ်ပါသည်။ 


Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ