ကဗျာ ကဏ္ဍ
ငါ့ကိုယ်ထဲ
မကောင်းဆိုးဝါး တစ်ကောင်
ဝင်ရောက်နေတယ်
တစ်ကိုယ်ကောင်းဆန်တတ် မုန်းတီးတတ်ပြီး
မနာလိုဝန်တို စိတ်များတဲ့ မကောင်းဆိုးဝါး
စိတ်အညံ့အဖျင်းနဲ့ မကောင်းဆိုးဝါး
ငါ့ကိုယ်ထဲ ဝင်ရောက်နေတယ်
ဘယ်အချိန်ကတည်းကလဲ
ဘယ်အရွယ်ကတည်းကလဲ
ငါ သေချာ မသိဘူး
ရေရာတာက
မွေးရာပါ ဖြစ်ကောင်းနိုင်ရဲ့
လူတွေ အမြင်မှာ
ရင့်ကျက် ဖော်ရွေပြီး
ပြုံးရယ်နေတတ်တဲ့ ငါက
တကယ်တော့ လူရေ ခြုံထားတဲ့
မကောင်းဆိုးဝါး တစ်ကောင်ပဲ
တယုတယ မွေးမြူ မထားပါလဲ
မကောင်းဆိုးဝါးဟာ ငါ့ကိုယ်ထဲ အမြစ်တွေ တွယ်
နူးညံ့ နွေးထွေးတဲ့ ကောင်မလေး
တစ်ယောက် ဖြစ်စေချင်တာ အမေ့ရဲ့ ဆန္ဒ
တကယ်တမ်း ဖြစ်လာတာ
အော်ဟစ် သောင်းကျန်းတဲ့
မကောင်းဆိုးဝါး တစ်ကောင်
ရိုင်းစိုင်းစွာ ရန်လိုတတ် သူ
မနာလိုခြင်းတွေ ပေါကြွယ်စွာ
ကိုင်ဆောင်ထား သူ
ဒီဗီဇဆိုးတွေဟာ
ငါနဲ့ မကင်းကွာနိုင်တဲ့ အရာ
မထူးဆန်းပါဘူး
ငါဟာ မိစ္ဆာရာသီနဲ့ မွေးဖွားလာတဲ့ သူပဲ
လူတွေ မကြိုက်တဲ့ အရာကိုမှ
တမင်တကာ ရွေးလုပ်မယ်
တော်လှန် ပုန်ကန် နေရတာ ငါ့ဝါသနာပဲ
ငါ မလိုချင်ဘဲ
ရှင်သန်လာရတဲ့ ဘဝထဲ
ငါကတော့ ငါ ကြိုက်တာတွေ လုပ်နေဦးမှာပဲ
လာရောက် ဝေဖန်ခဲ့ရင်တော့လား
အပြစ်တင် ကြိမ်းမောင်းလိုက်ဖို့ ဝန်မလေးဘူး တကယ်
လူတွေက ပြောတယ်
ငါဟာ မိန်းမဆိုးတဲ့
သိုး ယောင်ဆောင်ပြီး လက်သည်း ပုန်းနဲ့
နောက်ကွယ်မှာ ယုတ်မာတတ်တဲ့
ဝံပုလွေလို လူတွေထက်တော့
ငါဟာ အများကြီး သာပါသေးတယ်
ငါကလေ
ဒေါသကြီးတယ်
မာနကြီးတယ်
ဒါပေမယ့်
မယုတ်မာဘူး
မဖျက်ဆီးဘူး
ငါ့ကိုယ်ထဲက မကောင်းဆိုးဝါးဟာ
ရေပေါ်ဆီ လူ့အမှိုက်တွေထက်တော့ သာပါသေးရဲ့
ငါ မြတ်မြတ်နိုးနိုး
တွယ်တာချင်တဲ့ အစိတ်အပိုင်းလေး
နေ့မှာ မပုန်း
ညမှာ ပေါ်တဲ့
စိတ်ရဲ့ အမှောင်အခြမ်းလေး
ငါ လှီးထုတ် မဝံ့လိုတဲ့
ငါ ဖယ်ထုတ် မပစ်လိုတဲ့
မကောင်းဆိုးဝါးလေးဟာ ငါကိုယ်တိုင်သာ ဖြစ်တယ်
ဒီအမိုက်အမှောင်လေးကို
ငါ သိပ် ကြိုက်တာပဲ . . . ။
SawYuWai
PoetryZone
Done🍀
ReplyDelete