တနေ့ ကျနော်သေချာပေါက် အိမ်ပြန်လာခဲ့မယ် အမေ

 



ပဲခူးရိုးမကြီးကလည်း ကျနော့်အိမ်

ဝါးပင်တွေ စိမ်းစိုနေသလောက်

ကျနော့ စိတ်တွေ သွေ့ခြောက်လွန်းတယ် အမေ 

တောင်တန်းကြီးတွေရဲ့ တည်ကြည်ရဲရင့်မှုမျိုးကို

အတုခိုးနေတဲ့ကျနော်က 

ည ညဆို အမေ့အိမ်ကို ကြိတ်လွမ်းပြီး စိတ်ပျော့နေတတ်တယ် 

မြို့ပေါ်က သားရိုင်းတွေ သွေးဆာသလောက်

တောကောင်ရိုင်းတွေက ကျနော်တို့ကို 

ဓမ္မသီချင်းနဲ့ အမြဲ သွေးစည်းစေခဲ့တယ်

အဲ့ဒီပဲခူးရိုးမကြီးကလည်း ကျနော့်အိမ်ပေါ့ ။


ဒေါနတောင်တန်းကြီးကလည်း ကျနော့်အိမ်

ပေလေးရာကျော်အမြင့်က 

ဒီမိုကရေစီ အစွန်းထွက်ပဲရှိတယ် 

တနေ့ ၂ ခေါက် အဆင်းအတက်နှုန်းဆိုရင်

ပန်းတိုင် အမြန်ရောက်ကောင်းပါရဲ့ 

ပခုံးပေါ်မှာ ဖက်ဒရယ်ကို ထမ်းလို့ 

ရေမြေရှုခင်းတွေ ပန်းချီဆန်လွန်းတယ်

ပတ်လည်ဝိုင်းနေတဲ့ ဆည်ရေပူမှာ အဆိပ်တွေနဲ့ 

အဲ့ဒီဒေါနတောင်တန်းကြီးကလည်း ကျနော့်အိမ်ပေါ့ ။


' မ ' တစ်ရာသားတွေစုနေတဲ့ စခန်းကုန်းကလည်း ကျနော့်အိမ်

မနက် နေ့ ည ပင်ပန်းမှုတွေကို ကျနော့်တစ်ယောက်တည်းကိုပဲ ခွဲတမ်းချပေးပါ 

ကော်ဖီမစ်နဲ့ ကြယ်နီဆေးပေါ့လိပ်သာ အားလုံးကို ရာရှင် ခွဲပေးပါ 

ငါးသေတ္တာ တစ်ဗူးနှစ်ယောက်နှုန်းတဲ့ 

ကျနော်မကြိုက်ဘူးလို့ ငြင်းလိုက်တယ် 

ရေဝေးငါးလို ပေစုတ်နေတဲ့ကြားက

သိမ်းထုတ်ချင်စရာ စိတ်အသန့်လေးတွေနဲ့ 

ဓမ္မဘက်တော်သားများရဲ့ ရဲရဲနီတဲ့သွေးတွေ 

ဟိုရဲဘော် ရက်ပါလေးပြောသလို 

 ' မြန်မာ့ နိုင်ငံအရေး ဘယ်သူဖျက်တာလဲ ' 

 အဲ့လို မ တစ်ရာသားတွေ စုနေတဲ့ စခန်းကုန်းက ကျနော့်အိမ် ။


မိုးမရွာရင် ၃ ရက်မှ တစ်ခါရေချိုးရတဲ့ ကျနော့်အိမ်

မျက်နှာသစ်တိုင်း တိုင်းပြည်က အညစ်ကြေးတွေ ကွာမယ်ဆိုရင် 

ပေလေးရာကျော်အနက်က ရေတစ်ဆယ်လီတာကို

ကျွဲပုခုံးထအောင် ထမ်းတင်ရလည်း မြတ်တယ် 

မီးစက် ၂၈ကောင်ကို ထမ်းတင်ရလို့

တိုင်းပြည်အလင်းရမယ်ဆိုလည်း တန်တယ် 

ဖုန်းလိုင်းမမိဘူး အင်တာနက်မရဘူး 

စိတ်ပြတင်းမှာ ရေဒါမလိုဘူး  အမြဲဖွင့်ထားတယ် 

ဓာတုပစ္စည်းတွေနဲ့ ချက်ပြုတ်စားသုံးခဲ့ရလို့ 

အာဟာရ ပြည့်ဝနေခဲ့ပြီ 

အဲ့ဒါကျနော့်အိမ် ။


အနုပညာမြောက်လွန်းတဲ့ ကျနော့်အိမ်

ပရိုဂရမ်သမား အုပ်ကြီး ရှိတယ် 

နှလုံးသားနူးညံ့တဲ့ ကျောင်းဆရာ ရှိတယ်

စတိုင်ယာတွေ မမောတမ်းပြောတဲ့ စော်ဘွားကြီး ရှိတယ် 

လက်ယဥ်စနစ်ကြီးတဲ့ သင်တန်းမှုးကျော်ရဲအောင် ရှိတယ်

အရှုပ်တွေရှင်းမယ့် စည်းကမ်းထိန်းသိမ်းရေးမှူး ကျနော်ရှိမယ် 

နှာစေးအစ ရူးတာအဆုံးကုမယ့် ဆရာဝန် ကုလားမရှိတယ် 

ကုန်ကြမ်းရှာမယ့် အညာသား ရှိတယ်

စွယ်စုံသုံးဂျိုကာ ဟန်နရီဒူးနန့် ရှိတယ်

မထသ မှန်ကြောင် ရှိတယ်

 Rap အဆိုတော်လေး ရှိတယ်

ဒရမ်ကျော်ကြီး ရှိတယ်

စာဂျပိုး ကဗျာရူး ရှိတယ်

အဲ့လို အနုပညာမြောက်တဲ့ ကျနော့်အိမ် ။


ပန်းချီဆန်လွန်းတဲ့ ကျနော့်အိမ်

သွေးအုပ်စုတွေ ရောမွှေပြီး

စုတ်ချက်ကြမ်းကြမ်းတွေနဲ့ရေးခြစ်လိုက်တာ

နတ်သမီးကကြိုးတွေတောင် ငိုတယ်

အဲ့လို ပန်းချီဆန်လွန်းတဲ့ ကျနော့်အိမ်ပေါ့ ။


ကျနော့်အိမ်ကလေးမှာ မိုးမလုံပေမယ့်

ဦးနှောက်မယိုဘူး

ကျနော့်အိမ်လေးမှာ စည်းရိုးမရှိပေမယ့်

စိတ်တွေ ထွက်မကျဘူး 

ကျနော့်မိသားစုစာရင်းမှာ ကျား / မ မရှိဘူး

ကျနော့်အိမ်လေးမှာ ကြမ်းတပြေးတည်းပဲရှိတယ် ။


ဒါပေမယ့် 

ကျနော် အမေ့ကို လွမ်းတာပေါ့အမေ

ကျနော် အမေ့အိမ်ပြန်ချင်ပြီ 

ဖက်ဒရယ် ဒီမိုကရေစီ အစစ်ရမှ

ကျနော် အိမ်ပြန်ခဲ့မယ် 

သေချာပေါက် ကျနော်အိမ်ပြန်ခဲ့မယ်အမေ။ 


  ယွန်းပိုးအိမ် 

MyitKwae 


(မြစ်ကွေ့- လူထုတော်လှန်ရေးစာစဉ်၏ အတွဲ(၁)၊ အမှတ်စဉ် (၃၅) တွင် ဖော်ပြထားသည့်‌ ကဗျာကဏ္ဍမှ ကဗျာတစ်ပုဒ် ဖြစ်ပါသည်။ )

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ