ပေါ့ဆိမ့်နေ့စွဲများ


သေမင်းရဲ့ နိဗ္ဗာန်ဘုံထဲက

လက်ဖက်ရည် မှောင်ခိုဆိုင်

ချောင်ကျကျ ဝိုင်းတဝိုင်း

နေ့တိုင်း ပေါ့ဆိမ့်များသောက်လို့

ငါ့လို ပေါ့ရွှတ်ရွှတ်လူတချို့ရဲ့ 

​အထီးကျန် ဌာနချုပ်တစ်ခု။


ငရဲတံခါး ပွင့်သွားကတည်းက

အရင်လို ဌာနချုပ်မှာ လူမစုံတော့ဘူး

ဘယ်သူမှန်းမသိပေမယ့်

ပျောက်ဆုံးသွားတဲ့ ငါ့ကောင်တွေ

သေမင်းနဲ့စစ်ခင်းဖို့သွားတဲ့ ငါ့ကောင်တွေ

တစတစ များလာခဲ့တဲ့နောက်

အကြောက်တရားနဲ့နေထိုင်သူ

ငါ့လိုလူတချို့ပဲ ပေါ့ဆိမ့်သောက်နေခဲ့တယ်။


ငါတို့ဌာနချုပ်ဘေးမှာတော့ ဘာမှမဖြစ်သလို

ပုံမှန်သောက်နေတဲ့သူတွေလည်းရှိရဲ့

လမ်းမကြီးပေါ် ငရဲခွေးတွေဖြတ်သွားတိုင်း

ထထပြေးနေရတဲ့ သေမင်းရဲ့နိုင်ငံတော်မှာ

သေခြင်းတရားတွေက အမြဲစိုးမိုးလို့

ငါတို့ရှိခဲ့ဖူးတဲ့နှစ်တွေ ငါတို့မရှိတော့သလို

သေဆုံးခြင်းမှာ ဘယ်သူမှဝမ်းမနည်းကြတော့ဘူး

သူတို့ဟာ ပုံမှန်ကိုဇိမ်ခံသောက်ကြရင်း

သေမင်းထံ ဒူးထောက်ထားကြတယ်။


​ဒူးမထောက်ပေမယ့် ဆူးကြောက်တဲ့ 

ပေါ့ဆိမ့်သောက်သူ ငါတို့ကတော့

​လူပျောက်ကြော်ငြာတွေကို ရှာကြရင်း

ဝေးကွာသူတွေကို မျှော်ကြရင်းနဲ့

ကြယ်ကြွေ စမ်းချောင်းနံဘေးမှာ

လအက္ခရာတွေကို ရေးဆွဲလို့

ထွက်ပြေးသွားတဲ့နေ့တွေကို ငေးမောလို့

သေရဲလား သေရဲတယ်နဲ့အော်ခဲ့ပြီး ပျော်ခဲ့ပြီး

တကယ်မသေရဲလို့ မသေဘဲကျန်နေခဲ့ကြတယ်

အပျက်တွေထဲမှာ အပျက်နဲ့ပဲနေထိုင်နေကြတယ်။


- ထက်ဝေ -

အောက်တိုဘာ ၁၀ ၊ ၂၀၂၁ ။

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ