ဘုရားသခင်အတွက်မေးခွန်း


လမ်းတိုင်းဟာ ရောမကို ရောက်နိုင်ပေမယ့်

ရောမကနေ ရောက်နိုင်တာ တစ်လမ်းပဲ ရှိတယ်

အဲ့ဒါဟာ ငရဲပဲ

ဆီဇာဟာ ကလီယိုပက်ထရာရဲ့ရင်သားထက်မှာ စစ်ရှုံး

ငါတို့အားလုံးဟာ ဘရုတပ်စ်များသာပေါ့

ရဲရဲကြီး နာမည်ပျက်ကြတာပေါ့

မာတဲ့ခေါင်းက ရိုက်ခွဲလို့အကောင်းဆုံးပဲ

ညစ်ပတ်ပေရေနေမှ လျှော်ဖွပ်ရတာ မဟုတ်ဘူး

အဖြူလည်း အဖြူစွန်းတာပဲ

အမြဲ လျှော်ဖွပ်နေရတယ်

မင်းရဲ့ဦးခေါင်းထဲ ယမ်းဘီလူးတွေ တပ်ဆင်ထားရင်

မင်းရဲ့နှလုံးသားမှာ ဘယ်ချိုးငှက်မှ 

သံလွင်ခက်နဲ့ ရောက်မလာဘူး

မင်းရရှိမှာ ဆူးခက်သရဖူနဲ့ လှောင်ပြောင်သရော်မှု

မင်းရဲ့ ရှင်ပြန်ထမြောက်ချိန်ကို 

လူသားတွေက ကျောခိုင်းလို့

ငတ်မွတ်နေတဲ့ ကလေးငယ်တွေနဲ့

ခြေတဖက်ပြတ် စစ်သားတယောက်က ပြောမယ်

လူတိုင်းက ယေရှုမဖြစ်နိုင်ဘူး 

ဖြစ်ချင်းဖြစ် နပိုလီယံပဲ ဖြစ်မယ်တဲ့

အာဟာရပြတ် လဲကျနေတဲ့

အဘွားတယောက်က ပြောလိုက်တယ်

ယေဟောဝါက နပိုလီယံကို နှစ်ယောက် မဖန်တီးခဲ့ဘူး

နပိုလီယံတော့ ဖြစ်မှာ မဟုတ်ဘူး

နပိုလီယံရူးပဲ ဖြစ်ရမယ်

မင်းတို့ ရူးသွပ်မှုအောက်မှာ

ငါ့တောင်ယာခင်းလေးနဲ့ ငါ့လင်သား

ငါ့သားမြေးမြစ်များ ပါသွားခဲ့ပြီ

ပျက်သုဥ်းခြင်းဟာ အဆုံးရှိတယ်

အမုန်းတွေဟာ အဆုံး မရှိဘူး

စစ်ပွဲတွေ ဘယ်နည်းနဲ့ ပြီးမလဲ

ဘုရားသခင်သာ ဖြေနိုင်မယ့်မေးခွန်းပဲ ...။



-ခက်သီ

ဇူလိုင် ၂၀၁၇

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ