"အာဇာနည်ကျောင်းသားများဘွဲ့"
ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်
ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်)
၈လေးလုံး အရေးတော်ပုံ၌ ရေးသားခဲ့သော
"အာဇာနည်ကျောင်းသားများဘွဲ့"
မဟာကဗျာလေးချိုးကြီး
""""""""""""""""""""""""""""""""""
မိုးတဆုံး မြေတဆုံး တအုံးအုံး တကြွက်ကြွက်သာပ တန်ခိုးဘုန်း နေတနှုန်း အဟုန်းဟုန်း အလက်လက်ဟာမို့
တမျိုးလုံး သရေမရှုံး သွေးသုံးပြီး ဆက်လိုက်ပြီကော။
သြော် ရှေးထုံးမပျက်ယုံမက
ယူဇနာ့ယူဇနာ စံချိန်လွန်
ညွတ်မပြောင်းဘူးဟေ့
ခွပ်ဒေါင်းတဲ့နော် မာန်ပီပီနဲ့
ညံစီစီ ကမ္ဘာဟိန်းတဲ့အောင်
အသိန်းမက အသန်းမက
လှမ်းကြတဲ့ ခြေသံတွေနဲ့
မယိမ်းသပ မနွမ်းသပ ရမ်းကြလဲ
အသေခံမတဲ့ အမယ်မင်း ဖမ်းလဲဖမ်းကြ၊
ကြမ်းလဲကြမ်းကြတော့
စွန်းလဲစွန်းခဲ့ရသည် မြေယံဗွေ
သွေးကျံကျံ စေးထန်ထန်နီနီရဲခဲ့ပေါ့
အသဲသံမဏိနဲ့ တပည့်တွေရေ...
ဇွဲမာန်အပြည့်နဲ့ မင်းတို့လေ အသေရဲပေမယ့်
သင်းရို့တွေ တစ္ဆေသရဲဟာမို့
ရင်ထဲက ဆရာနာလှချည့်။
(သြော်) ဘဂဝါလောင်းမြတ်အဆူဆူ
သတ္တဝါကောင်းဇာတ်တွက် အသက်ကိုလှူ
အထက်ကမူ အနက်ယူဖြေဆည်တွေးလိုက်ရ
ကလေးက စ,ပါလာတဲ့
ကျောင်းသားအပေါင်းအများဟာဖြင့်
မစောင်းမမှား အကြောင်းတရားနဲ့
အလောင်းဘုရားတွေပဲရယ်လို့ စိတ်ထဲက ဂုဏ်ပြုညွန်
နေမျာ့တထောင် တန်ခိုးကဌေးပေသပေါ့
ရွှေလရောင်အဘိုးရဲ့ မြေး ဗိုလ်မဟာပ
ဟိုတခါ နက်နဂိုရ် အမှောင်သန်းချိန်၌
ဗဟိုအချာ တက္ကသိုလ် အခေါင်နန်းဆီက
အောင်ဆန်း...အောင်ဆန်းနဲ့
တအောင်သာ ဆန်းရော့သလာ့
နောင်မှန်းရင် အောင်သူတွေ
နောက်ထပ်ဆန်းနိုင်ပါ့မလားရယ်လို့
ယောင်ယမ်းအပူဝေ စိတ်တွေနွမ်းပေခဲ့
ထောင်သန်းလူကုဋေ ပထမံ ´ဝ`တွေပွားသလိုပ
အောင်ဆန်းမူ အမွေစရဏံ ဗမာ့မြေ ထွားပြီမို့
အာဂသား...အဘသား...ဆရာ့သား ရယ်လို့
ဘဝခြားရာ တိုင်းပလ္လင် ဝတိံမဟာစံဗွေဦးဆီက
မှိုင်းသခင်က စိန်ကဗျာ ဥာဏ်တွေ
ကွန့်ကွန့်မြူးလိမ့်မယ်
သြော်...ထူးပေ့ညွန့်ပေ့ အမျိုးတံခွန်နော်ဗျာ
မိုးစွန်ကြယ်ကိုမှ ဆွတ်တဲ့သား။
ဝါစာဝိက်ခပေ- အမရာဝိက်ခပေ
ဝိသမ ဟေတုက ဒိဋ္ဌိမျိုးစုံ
ကလိန်ချုံ မ.ဆ.လ
မျက်လှည့်ပြတာက မာယာ
ကောက်ကျစ်တာက သာထေယျ
ဓမ္မအခြေပြရရင်တော့ အဝိဇ္ဇာနဲ့တဏှာ
ဇာချင်တိုင်းဇာ- ဏှာချင်တိုင်း ဏှာခဲ့ကြ
သစ္စာမေတ္တာဆိုတဲ့ အနှစ်ကဗလာ
မချစ်ကြည်စရာ တပါတီအာဏာရှင််
အခြေသရုပ်ကိုလ
ဘာမထီ ခွာကာပင် အရေဆုတ်လိုက်တော့
သရေယုတ်ပါတဲ့ သဏ္ဍာန်ပုတ် အညံ့နော်ဗျာ
လံကွတ်တီ လုံအောင်မဖုံးနိုင်တော့ပါအလား၊
တုံးလုံးကောင် ပက်လက်လဲပြီကွဲ့
သုဉ်းသုဉ်းအောင် ဆက်ဆက်ခဲလေကြ
ဝက်ဝက်ကွဲဒီတစ်ခါဟာဖြင့်
အဆက်ဆက် ပွဲမမီပါဘု
ဒီကမ္ဘာမှာ ပြည်မြန်မာ
ဂုဏ်သရေမညိုးတော့ဘူးပေါ့
အမျိုးမွန် အမျိုးမြတ်ဟာမို့
ထမ်းပိုးဝန် ကြိုးမတက်ကြလေနဲ့
လွတ်လပ်ရေး မဟာဋီကာကို
ကမ္ဘာရှည်ကြာအောင် သွေးအသက်နဲ့
ရေးတဲ့ဖွင့်လိုက်ပြီ
တဆင့်တဆင့်နဲ့ မြင့်မြင့်ပြီးတက်လာတဲ့
ရင်ရင့်ကျက်ကျက်
မြန်မာ့ဒီမိုကရေစီ အောင်လံကြွား။
တက္ကသိုလ်ဘုန်းနိုင်
(ပါမောက္ခချုပ်၊ပညာရေးတက္ကသိုလ်)
Done!
ReplyDeleteFighting
ReplyDeleteDone
ReplyDeleteDone
DeleteGood Night Clickers 🌃
ReplyDelete