လွမ်းငွေ့သင်း ဆောင်းတွင်း‌ပုံပြင်


“အိမ်ကို....ပြန်ခဲ့တော့”

တေးသံလျော့ရဲရဲ ဖုန်းထဲ မြည်နေချိန်

အိမ်က အခန်းတစ်ခန်းလည်း လွတ်နေခဲ့တာ

ကြာလှပါလားဗျာ 


အနာရှိမှန်းတောင်မသိ

ထုံဆေး မေ့ဆေးမိနေသလို တိုင်းပြည်

ဆေးပြယ်တော့ မျှော်လင့်ချက် ကြိုးက ပြတ်လုဆဲဆဲ

မျိုးဆက်သစ်သွေးရဲရဲ‌တွေ ခင်းချလိုက်မယ်ဟေ့

သူရေးလို့တွေး

ကြွေးကျော်သမျှတွေ

အခုတော့ မေ့သွားကြလေရဲ့

ငါ့ညီရေ...

နောက်ဆုံးကျ ဂျုး‌တွေကို ကယ်တဲ့လူတွေပဲ ဒိုင်ခံငိုရတာ

နာဇီတွေက နောင်တမရှိခဲ့ဘူး 


ညညဆို မအိပ်ပဲ တလှိမ့်လှိမ့်နဲ့ 

ဖုန်းတွေဆက်နေကြ

မင်းချစ်ရသူကလည်း ရင်တွေပူနေရတာ နှစ်ပေါက်ပြီ

အမေလည်း နေ့တိုင်း ဘုရားရှေ့ဆုတောင်းနေ

အဖေကတော့ အပြင်က ပြန်လာတိုင်း မင်းကြိုက်တတ်တဲ့ ငါးကင်ကို ဝယ်ဝယ်မိနေသေးတယ် 


တောထဲကနေ ကြည့်ရတဲ့ နေဝင်ချိန်က လှလား ငါ့ညီ

ငါတော့ မရယ်ရတာ နှစ်ပေါက်ပြီ မင်းဟာသတွေကို ကြားချင်သေးတယ်

ငါတို့မြို့ကြီးကတော့ မျက်နှာဖုံးတွေနဲ့ ပြုံးနေကြတာပဲ

နွေဦးမှာ လေရူးတွေ တိုက်ကတည်းကစလို့

ဆောင်းအကုန်မှာ ခိုက်ခိုက်တုန်အောင် ချမ်းလို့ပြီးတဲ့အထိ

သတိမရတဲ့ရက်ကို မရှိခဲ့တာ 


ငါ့ညီရေ

စစ်ကြီးဟာ ငြိမ်းချမ်းရေးကို သင်ကြားပေးတဲ့ ကြမ်းတမ်းတဲ့ဆရာပဲဆိုတာ

ငါလက်မခံချင်ဘူး

ဘုံရန်သူရှိလို့ စည်းလုံးနေရတယ်ဆိုတာကိုလည်း

ငါမယုံချင်ဘူး

မင်းတို့ ရေးရသမျှ သွေးနဲ့ကျောက်စာကို

ဘယ်သူ့နာမည်နဲ့ စိုက်မယ် လုကြဦးမယ့်

ဒီကောင်တွေအတွက်လည်း 

မင်းအသက်မသေလိုက်နဲ့ကွာ 


မင်းဟာ မင်းချစ်တဲ့လူတွေနဲ့

မင်းကို ချစ်ခင်လေးစားတဲ့ ပြည်သူပြည်သားတွေအတွက်

တစ်ရက်ရအောင် အသက်ရှင်ရမယ် 


လိုင်းရတဲ့အရပ်ကျ ဖုန်းဆက်ဦးကွယ် 



Tommy

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ