ချစ်သောတော်လှန်ရေး (springversion )


ဒီလိုနဲ့ ‌ညိုညစ်ညစ်‌ပြဿဒါးရက်တွေကို ရောက်ရှိလာခဲ့

နဂါးခေါင်းက အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာကို

ပြိုင်တူကြီးလှည့်ထားတယ်

အနီရောင်တောက်နေတဲ့ လမ်းတွေမှာ 

နောက်ဆုံးပေါ် တော်လှန်ရေးမျိုးစိတ်တွေ ရဲပဒေါင်းခတ်သွား။

၁၉ရာစု လက်ကျန် လူသတ်ဝါဒီတွေကို

 ရ ရာ ရ ရာ လက်နက်တွေကိုင်စွဲလို့။

ဖေဖော်ဝါရီရဲ့ ဆံပင်နီကြဲကြဲ‌နဲ့ ကောင်လေးဟာ

အစမှာ လက်သုံးချောင်းထောင်တယ်၊

တစ်ဆင့်မြင့်လာတဲ့ မတ်လ ဆံပင်နီကြဲကြဲလေးက

ဂျင်းပန်င်အစုတ်ဝတ်ပြီး ဒိုင်းကာကိုင်တယ်။

အခု G3ကိုင်ထားတဲ့ ဆံပင်နီကြဲကြဲကောင်လေး

မှတ်ပုံတင်မရှိ၊ဘွဲမရ ၊ဆယ်တန်းမအောင် ၊ ပစ္စည်းမဲ့။

လူတန်းစားအကြောင်းမသိဘူး။ ချေနဲ့မော်ကိုမသိဘူး။

ဖက်ဒရယ်ကိုမသိဘူး။ 

လစ်ဘရယ်တွေ ဖောက်ပြန်တတ်တာကိုမသိဘူးး။

ရွှေရောင်ဖုံးလွှမ်းသော ရက်များဆီက အပစ်ပယ်ခံ‌

ပေတေတေကောင်လေးဟာ အခုဖောက်ခွဲရေး ၊

အခုထောက်ပံ့ရေး၊ အခုတော့ တော်လှန်ရေး။

သူ့ကိုပစ်ပယ်သူ အထက်တန်းလွှာက

ရေပေါ်ဆီနိုင်ငံရေးသမားတွေကတော့

လွတ်မြောက်ရာတွေဆီမှာသူရဲဘောကြောင်စွာပုန်းခိုလို့။

ဘောင်းဘီတိုနှံ့နှံနဲ့ မိတ်ကပ်မလေးကနေ

ဟိုး ခေါင်းဖြူစုတ်ဖွား အဘိုးကြီးအထိ

လက်သီးကို ကျစ်အောင်ဆုပ်ပြီး

မကျေနပ်ခြင်းတွေကို အံကြိတ် ‌ပေါက်ကွဲနေတယ်။

တကယ်တော့ချစ်သောတော်လှန်ရေးက ရက်စက်တယ် ။ 

ချစ်သောတော်လှန်ရေးက အဆင့်အတန်းခွဲတယ်။

ချစ်သောတော်လှန်ရေးက မာယာများတယ်။

ချစ်သောတော်လှန်ရေးဟာ မပြီးမြောက်ခင်ကာလမှာ

လူသားသိပ်စားတယ်။

ငါတို့ရဲ့

ချစ်သောအလုပ်သမားတွေ ၊

ပစ္စည်းမဲ့လူတန်းစားတွေ ၊

ကဗျာဆရာတွေ ၊ 

ကျောင်းသားလူငယ်‌တွေ

အမျိုးသမီးငယ်ငယ်တွေ 

သက်ကြီးရွယ်အိုတွေကို 

တဖြုတ်ဖြုတ်ချွေသွားတယ်။

ငါတို့မှာ 'နှောင်ကြိုးမှ တစ်ပါးအခြားမရှိ'လို့အော်ပြီး

‌တစ်ယောက်ရဲ့ဆက်ထုံးလေး‌ ပြတ်ကျသွားမှာကို 

တစ်ယောက်က စိုးထိတ်နေရ။

ငါတို့ ရရှိခဲ့တာတွေက များလွန်းလို့

ဘယ်ဒဏ်ရာက ပိုနာမှန်းမခွဲခြားတတ်တော့ဘူး။

ဒီလိုနဲ့‌ငါတို့အော်ကြတယ် ၊

ငါတို့ ငိုကြတယ် 

ငါတို့ဆူကြတယ်၊ ငါတို့ လက်နက်ကိုင်ကြတယ်

ငါတို့ ကဗျာရေးပြီးစစ်တိုက်ကြရမယ်

ငါတို့ မသေမချင်း (ဒါမှမဟုတ်)

ချစ်သောတော်လှန်ရေးကြီး မပြီးမချင်း ။     ။



- PlugX


Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ