"သနားစရာလူနာငယ်"
ဘာတွေဖြစ်ခဲ့လဲဆိုတာတော့
အထိန်းအကွပ်မဲ့ ချာချာလည်နေတဲ့လောကကြီးပဲ
သိပါလိမ့်မယ် ။
အို
သနားစရာလူနာငယ် ။
ဘယ်ဥယျာဉ်တော်မှ လက်မခံတဲ့ပန်းတစ်ပွင့် ၊
ထိုးဇာတ်များစွာရဲ့ သားကောင် ၊
သတင်းဆိုးတွေကျန်နေသေးတဲ့
ရွက်ဆုတ်ပြက္ခဒိန် ။
ထိတ်လန့်ခဲ့သမျှ
ဒဏ်ရာတွေနဲ့ သက်သေထူပြသူလည်း ဖြစ်ရဲ့ ။
ဘုရားသခင်တွေထက်
သူ့လူတွေကိုကြပ်ကြပ်သတိထားဖို့
အမှာပါးခဲ့သူလည်း ဖြစ်ရဲ့ ။
အို
သနားစရာလူနာငယ် ။
သူ့အသားအရောင်ကို
လေအကန်းမိုးအကန်းစွေခြင်းလို့ ခေါ်တယ် ။
ရှူမျော်ခင်းကိုကွယ်ထားတဲ့ သစ်ခြောက်ပင်လို့လည်း
တချို့ဆိုကြတယ် ။
မှင်ရည်ဆွတ်ထားတဲ့ စုပ်တံအောက်က
အချိန်ခါမရွေး လှုပ်နှိုးနိုင်တဲ့သံသယလို့လည်း
ပြောတာရှိပါတယ် ။
ပြတင်းတံခါးရွက်တစ်ခု ပြုတ်ထွက်နေတဲ့အိမ်လို
အကောင်းတိုင်းကျန်နေသေးတဲ့
မျက်လုံးတစ်ဖက်
အဲဒီမှာ ဝတ်မှုံဟာ မကူးတော့ဘူး ။
သူ့သီချင်းသံတွေ သူ့ထံပြန်လာဖို့
လိပ်ပြာတစ်မြို့စာ နှစ်မြို့စာမက ခြားနေပြီ ။
သူ့သီချင်းမှာ
သောက်ရေကန်ဘေးက တာရိုးလမ်းလေး
ပါချင်ပါနေမယ် ။
ပြီးတော့ သူ့နွားလေးတွေအကြောင်း ၊
သူ့ဆိတ်မကြီး သားပေါက်တော့မယ့်အကြောင်း ၊
ပွဲတော်ရက်တွေမှာ မီးနှစ်ထပ်နဲ့ကင်ရတဲ့
ရိုးရာမုန့်တွေအကြောင်း ။
'ချစ်စရာလူနာငယ်သို့' လို့
အဲဒီလိုများ ဘယ်သူမှပန်းတစ်စည်း မပို့ခဲ့ကြဘူး ။
မြက်တောင်ကုန်းလေးပေါ်မှာ အိမ်ပုံလေးပါတဲ့
ပို့စ်ကဒ်လေးတစ်စောင်တောင်
ပို့ပေးမယ့်သူ မရှိခဲ့ရှာဘူး ။
အို
သနားစရာလူနာငယ် ။
သူ့ လေ့ကျင့်ခန်းစာအုပ်လေးက
တုနှိုင်းမဲ့အထီးကျန်မှုရဲ့အကြောင်းကို
ဖွင့်ဆိုတယ် ။
သောကြာနေ့ရက်ဆီမှာ မရွာဖြစ်ခဲ့တဲ့မိုးတိမ်ပါလို့
အထပ်ထပ်တွက်ချက်နေတယ် ။
အချိန်အခါမဟုတ်
ပြိုဆင်းဆူညံသွားသော ကျီးကန်းများ ။
လူတစ်ယောက်ဟာ နာကျည်းလို့
ဒါမှမဟုတ် ခွင့်လွှတ်လို့
ပြုံးချင်တိုင်းပြုံးနိုင်ခွင့်ရော ရှိလို့လား ။
တကယ်ပဲ
နောက်ဆုံးအချိန်မှာ ပြုံးသွားတယ်တဲ့ ။
ဒီလိုကြောက်စရာကောင်းတာမျိုး
အနိုင်နဲ့ပိုင်းတာမျိုး
မလုပ်ခဲ့သင့်ဘူး မဟုတ်လား
သနားစရာလူနာငယ် ။ ။
သန်းတင့်
'ချစ်စရာလူနာငယ်သို့' လို့
ReplyDeleteအဲဒီလိုများ ဘယ်သူမှပန်းတစ်စည်း မပို့ခဲ့ကြဘူး ။
မြက်တောင်ကုန်းလေးပေါ်မှာ အိမ်ပုံလေးပါတဲ့
ပို့စ်ကဒ်လေးတစ်စောင်တောင်
ပို့ပေးမယ့်သူ မရှိခဲ့ရှာဘူး ။
#သန်းတင့်
Fighting
ReplyDeleteသနားစရာလူငယ်
ReplyDeleteDone ✅
ReplyDeleteDone 🍀
ReplyDelete@@@
ReplyDelete