"အမေ့ဆီရေးပြီး မပို့ဖြစ်တဲ့ စာ"



သို့ အမေလို့ရေးပြီး ချစ်တဲ့ သားကြီးလို့ အဆုံးသတ်ရမှာ 

ရှက်နေတဲ့ကောင်က ကျနော်ပေါ့ ။

ဒီစာကို အမေမဖတ်ဖို့ မျှော်လင့်ပါတယ်။

အခုရက်ပိုင်း‌ဒီမှာ မိုးတွေသည်းသည်းမဲမဲရွာ‌နေတယ်

အမေ ကျနော်တို့ယဉ်ကျေးမှုကရယ်ရတယ်။

အရွယ်ရောက်သွားတဲ့သားတွေဟာ မိဘကို

ပွေ့ဖက် နှုတ်ဆက်ဖို့ ရွံ့နေခဲ့ကြရဲ့မဟုတ်လား

အဝေးရောက်ကောင်းကင်မှာ ကြယ်တွေ

လင်းအားဖျော့‌တော့နေပုံ၊

အမေ့ မျက်လုံးထဲ ၀င်သွားတဲ့ပိုးကောင်အဖြစ်

ကျနော် အဆင့်ဆင့်အသွင်ပြောင်းသွားပုံ။

ဒါတွေ‌ဟာ အိပ်မကဟုတ်ဘဲ ဆက်လက်စီးဆင်းနေဆဲ

ချောင်းဆိုး၊ မြောင်းဆိုးတွေ။ 


တောရောက်တောင်ရောက် ကြယ်မမြင်လမြင်ညတွေကို

အမေစောင်ထခြုံပေးတဲ့ညလို့ ထင်‌ယောင်ထင်မှားရင်း ကျနော့်ညတွေ မိုးစင်စင်လင်းသွားတာ

ခရာသံနဲ့နိုး၊ ခရာသံနဲ့ မှိတ်သွားတဲ့ မျက်လုံးတွေမှာ

ယုံကြည်ချက်ကလွဲလို့ ဘယ်အရောင်မှ မရှိပါဘူး။

သွေးကြောတစ်မျှင်ချင်းကအစ တော်လှန်ရေးတဲ့၊ 

အမေ့‌သွေးခဲတုံးလေးကနေ မတရားမှု‌နံရံကို 

ခေါင်းနဲ့၀င်ဆောင့်မယ့် မာကျော ဦးခေါင်းခွံတွေ

ဖြစ်တဲ့အထိ ကျနော် ကြီးရင့်ရှင်သန်ခဲ့ရပေါ့။

အမေမကြိုက်တဲ့ သေနတ်မောင်းတွေကို ဖြုတ်နေမိသူ

ကျနော့်မလိမ်မိုးမလိမ်မာ ၂၉နှစ်တာ အတွက် 

ခွင့်လွှတ်ပါ အ‌မေ။


တစ်ချိန်ကငါးဟင်းမကြိုက်ဘူးလို့ ငြင်းနေကျ ကျ‌နော်၊

အဲ့ဒီငါးဟင်းနဲ့စားရမယ့်နေ့ကို တမျှော်မျှော်နဲ့။

*မိဘစကားပယ်ရှားလို့ ဒုက္ခရောက်တာ

ကိုယ်တွေပဲမို့

ဒုက္ခတသီတတန်း မိုးတစိုစိုညဟာအမေ့မေတ္တာစူးတာပဲ။

တသွင်သွင်စီးနေတဲ့ အကုသိုလ်မြစ်ထဲက

ခဏခဏ ကံကြီးထိုက်‌ နေကျကောင်ခမျာ

ကြီးကြီးကျယ်ကျယ် တိုင်းပြည်ကိုကယ်ချင်သတဲ့။

ကျနော့်စိတ်ကူးစိတ်သမ်း အဝေးပြေးလမ်းတွေမှာ

အမေ့ တစ်ရေးနိုးညတွေကို မီးတင်ရှို့မိတယ်။

ကျနော်က အမေ့မျက်ရည်နဲ့အတူလောင်မြိုက်နေတဲ့

ဩရဿ မီးခိုးငွေ့၊

အဝေးမှာ လွင့်မျောနေရင်းက‌ ၀ပ်ကျင်းကို 

ပြန် ပြန် တနေမိတယ်


လတ်တလော ကျနော့်ရပ်၀န်းမှာ

တောပန်းတွေ ပွင့်နေတယ်၊

တောင်တန်းတွေ မှိုင်းနေတယ်၊ 

ရာသီဥတု လှည့်စားမှုတေးသွားမှာ

အမေ့ဘုရားစင်ပေါ်က စံပယ်ပန်းတွေရဲ့ သင်းမြမှုကိုသတိတရရှိနေမိတယ်

ထွက်သွားတဲ့ရထားဟာ ဘူတာဆီ

အမြဲပြန်လာချင်နေလိမ့်မယ် မဟုတ်လား

ဒီသိီတင်းကျွတ်လည်း

အမေ့ဘူတာရုံမှာ ပန်းတွေဝေနေဆဲ ထင်ပါရဲ့။


ကျနော်အိမ်ပြန်လာခဲ့မယ် အမေ။ 

အဲ့ဒီအခါ အမေ့သား သူပုန်စစ်သားလေးရဲ့ တိုက်ပွဲ၀င်

အ‌‌တွေ့အကြုံကို 

ဂျူး ထောက်လှမ်းရေးသမားတစ်ယောက်က

အိုက်ခမန်းကိုဖမ်းတာကျနော်ပါမေမေလို့ ပြောခဲ့ဖူးသလိုတဖွဲ့တနွဲ့ပြန်ပြောင်းပြောပြမယ်။

မတရားမှုကိုတွန်းလှန်တိုက်ခိုက်ခဲ့သူ သား အတွက်

အမေ့အပြုံးလဲ့လဲ့ကို တမေ့တမောငေးမယ်။

အမေ့လက်ရာ ရဲယိုရွက်ငါးဟင်းကို အားရပါးရစားမယ်။

ကျနော်‌အခုရရှိနေဆဲ နာဖျားဒုက္ခတွေကို 

အမေ့ကိုယ်နံ့သင်းသင်းထဲတိုးဝေ့အိပ်ရင်း

ဖျောက်ဖျက်ပစ်လိုက်မယ်

တောရောက်တောင်ရောက် သူပုန်စစ်သားလေး

ကျနော့် အိပ်မက်ဟာ ရိုးစင်းဖြူစင်ပါရဲ့

မဟုတ်လား‌

ကျနော်ဆက်ဆက်အိမ်ပြန်လာခဲ့ပါမယ်အမေ၊၊



PlugX

Comments

  1. ကျနော် ဆက်ဆက် အိမ်ပြန်လာခဲ့ပါမယ် အမေ

    ReplyDelete
    Replies
    1. ကျနော် အိမ်ပြန်လာခဲ့ပါမယ် အမေ

      Delete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ