ကွဲ ၊ ကြေ


ပျောက်ဆုံးမှုတွေ

ဘယ်လောက်များရှည်ကြာလိုက်သလဲ။

အဝေး မနက်ခင်း၊ နေ‌ရောင်ခြည်ပါးလျမြစ်တစ်စင်း

ငါ့လည်ပင်းကို မိုးမလင်းခင်တက်နင်းသွားတဲ့ 

ကြောင်တွေ။

ကျွန်တော်က အသုံးမ၀င်တော့တဲ့

တစ်ခါသုံးဆေးထိုးအပ်ပါ

ခင်ဗျား လွှင့်ပစ်ချင်စိတ်ရှိသလောက်

အစွမ်းကုန်‌ ပြေးထွက်ပေးပါ့မယ်ဆိုတဲ့ လူငယ်တွေ

ခေတ်တိုင်းမှာရှိခဲ့လိမ့်မယ်

ကျွန်တော်က အဲ့လိုကောင်ပါ

မပျော်ရွှင်ကိတ်မုန့်တွေရဲ့အဝေး

မပျော်ရွှင် ပုရွက်ဆိတ်တွေရဲ့အဝေး

တစ်ယောက်တည်း ဖြေးဖြေး ပြေးထွက်လိုက်ပါတယ်။

ကျွန်တော့်ကိုရှာပါ

ခင်ဗျားမြင်နိုင်လောက်တဲ့အရပ်မှာ

ကျွန်တော့်ကိုယ်ကျွန်တော် မမြင်နိုင်လောက်အောင်

ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

တကယ်တော့

လူတစ်ယောက်ဟာ အခြားလူတစ်ယောက်အတွက်

အသက်ရှင်နေခဲ့ပြီး

တစ်ချိန်မှာ အခြားလူတစ်ယောက်အတွက်

မိမိကိုယ်ကိုယ် သတ်သေပစ်လိုက်ရမယ်လို့

ဘယ်သူများတွေးဖူးလဲ။

သေတာ၊ရှင်တာ၊ 

အသက်ရှုတာ၊ အသက်ရှုကျပ်တာ

ပိန်းပင်လေး၀မ်းနည်းနေတာ၊လေထုညစ်ညမ်းတာ။

ယဉ်ကြောပိတ်တာ၊ ကောင်းကင်ကြီးမရှိတော့တာ။

ဘ၀မှာ ဘယ်အရာမှ သူ့ လေသံတင်းမာ‌သွားတာလောက်

စောက်ရေးမပါခဲ့။

ကျွန်တော်ကအဲ့ဒီလိုကောင်ပါ။

ကွဲသွားတဲ့ စက္ကူခွက်လေး‌ကို အကောင်းအတိုင်း

ပြန်ဆက်ရင်း ၊ 

အခြားကမ္ဘာကလေတိုးသံနားစွင့်ရင်း

ဘယ်နေ့ ပျံတက်မယ်မသိတဲ့ မိုးပျံပူပေါင်းလေးကို

ထိုင်ပဲကြည့်နေမိတယ်။

ပျောက်ဆုံးမှုတွေ

ဘယ်လောက် ရှည်ကြာဦးမလဲ။


PlugX

Oct ,2022

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ