"ဒီပရက်ရှင် မြစ်ကျိုးအင်းကြီးထဲ

ထည်ထည်ဝင့်ဝင့် စီးဝင်နေတဲ့ 

လူသားဖြစ်တည်မှု ပျောက်ဆုံးနေသော လူငယ်ဘဝတွေ"


ခွေးခွေးချင်း ကိုက်ချင်လို့ကိုက်ကြတာမဟုတ်ဘဲ

မကိုက်မဖြစ် ကိုက်ကြရတာပဲမဟုတ်လား

အမဲအူပြုတ်ဆိုင်မှာ ဘက်ထရီမီးချောင်းတစ်ချောင်းနဲ့

ငါတို့ အငွေ့အသက်တွေ ပွက်ပွက်ဆူနေတယ်

ဒီနားက သိပ်ဆူတာပဲ

ဒီနားမှမဟုတ်ပါဘူးကွာ 

လောကငရဲဆိုတာ တကယ်ရှိပါတယ်

ငုံ့ထားတဲ့ခေါင်းတွေ မော့လာကာမှ

တိုက်အမြင့်ကြီးပေါ်က တစ်ခါသုံးဘောပင်က

မျက်လုံးတည့်တည့်ဖောက်ဝင်တယ်

ကြားဖူးနေကျစကားကို ကြားဖူးနေသလိုရှိတယ်

ကောင်းကင်ဘုံအထိ ပျံတက်မယ့် သစ်ပင်က

ငရဲအထိ အမြစ်တွေ ကုပ်ယူထားရမယ်

မနက်ဖြန်အတွက် ဘာမှ မပြင်ဆင်ထားဘူး

ဒီနေ့လိုပေါ့

ဘာမှန်းမသိတဲ့ အထုပ်အပိုးတွေ

ပခုံးပေါ်ထမ်းတင်ပြီး ကမ်းနားလမ်းတလျှောက်

မှောက်ကျသွားတဲ့ ရထားတစ်စင်းက ဟောဟိုက 

သင်္ဘောတွေအောက်မှာ စက်လှေတွေအောက်မှာ

မြို့လယ်ခေါင် လမ်းမတွေအောက်မှာ

အမှန်တရားဆိုတဲ့ ပုဂ္ဂိုလ်က ပြောတယ်

သူပြောတဲ့စကားကိုလည်း မထိမကိုင်ကြည့်ရသေးဘဲ

ပစ္စလက်ခတ် ပွေ့ပိုက်လိုက်ကြတယ်

ဘာသာတရားအသစ် ငွေစက္ကူအသစ်

ဆူးပန်းခက်တွေ ပန်ဆင်ပြီး

တံတားပေါ်တက်လာတဲ့ အိပ်မက်က ပြန်ဆင်းသွားတယ်

တက်လာတဲ့ လမ်းအတိုင်းတော့ မဟုတ်ဘူး

မြစ်ထဲ ကျောက်စရစ်ခဲတွေ ပစ်ပေါက်သလို

အရွယ်ရောက်ပြီးမှ ဖျက်ချလို့ရတဲ့ ဆေးဝါး

အချိန်က ဘေးပဲ

ဘယ်သူ့မှာ သိပ်မှမရှိတော့ပဲ။ ။


ဇက်ကကြိုး

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ