“တိမ်အသံများနဲ့ ရောင်စုံစိတ်ကားချပ်များ”


ကိုယ့်လိုအင်ဆန္ဒနဲ့ကိုယ် ဖြည်းဖြည်းလေးရွေ့နေကြ

အနားသပ်မညီသောလမ်းမများဟာရှည်လျှားလွန်းတယ်

စပြေးဖို့ခြေလှမ်းပြင်လိုက်ကတည်းက လမ်းပျောက်သွားသူတွေ

စိုင်ကော်လို့ တခါတည်းခြုံပေါ်ရောက်သွားရသူတွေ

ကံတရားလှလှနဲ့ ဝဋ်ကြွေးလှလှနဲ့ စံကြခံကြရ

ငါတို့ရဲ့ အဘိဓမ္မာဟာ ဖျားနာနေတာကြာပြီ

မှောက်ကျသွားတဲ့ လရောင်များ

အမှောင်ဆုံးထဲကဘဝနက်နက်တွေက

အခုထိ အလင်းငတ်တဲ့ရောဂါရနေခဲ့ရ

လိုအပ်မှုနဲ့ အကူညီတောင်းသံများက

ကိုယ့်လည်ချောင်းထဲကိုပဲ ပြန်ပြီးဖောက်ဝင်သွား

အားကိုးအားထားဆိုတာ လက်နှစ်ဖက်ခြေနှစ်ဖက်ပဲရှိတယ်

လမ်းညွှန်မရှိဘူး လိပ်စာမသိဘူး

မတ်မတ်ရပ်တည်နေရတဲ့ တစ်နေရာစာက

သူတို့အတွက် အစားထိုးမရတဲ့ အိမ်ခြေအိမ်ယာ

အနာဂါတ်ကိစ္စတွေက

မနက်စာထမင်းကြမ်းခဲလောက် အရေးမပါတဲ့အရာ

အမှန်တရားလား အမှန်မတရားလားဆိုတာထက်

လောကဓံလို့အသံကြားလိုက်တာနဲ့

လည်စင်းစင်းပေးနေရတာ ခါးလာတယ်

ရင်ဘတ်ဖွင့်ပြီး ပြန်ခုခံကြမယ်

ငါတို့ရဲ့ချစ်ခြင်းတရားဟာ ငါတို့ရဲ့ ‘ဓား’

ငါတို့ရဲ့ ဥာဏ်ပညာက ငါတို့အတွက် ‘အား’ပဲ

သေပြီးသား ရွက်ကြွေတွေလို

ကြိုးပြတ်သွားတဲ့ စွန်တွေလို

အပေအတေအစအနများလို လေလွင့်နေလို့မရ

ကိုယ့်အိပ်မက်နဲ့ ကိုယ့်တရားကို

ဖြောင့်နေအောင် အချောသပ်ထား

ငရဲလမ်းဖြစ်ဖြစ် နတ်မိနန်းဖြစ်ဖြစ်

လိပ်ပြာသန့်သန့်နဲ့ ဆက်ပျံသန်းဖို့လိုမယ်

ဖြစ်ချင်နေတာကို ဖြစ်သင့်တာနဲ့ချည်ပြီးလွှတ်တင်ကြည့်လိုက်

ဘုရားသခင်ရဲ့ တစ်ခုတည်းသောကောင်းကင်ထဲ

ဆာလောင်မှုအသံတွေ မြင်ရမယ်

မြင်နေရတယ် မြင်နေရဆဲ ။ ။


G3

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ