" ညီမလေးရဲ့ သီချင်း"


ညီမလေးရေ

မင်းဆိုနေတဲ့ သီချင်း

မင်းဘဝရဲ့ သီချင်းဟာ

ငါ့နားနဲ့ စိမ်းနေတဲ့

ဂီတအမျိုးအစားပါ ။

ညီမလေးရေ

မင်းဆိုနေတဲ့ သီချင်း

မင်းဘဝရဲ့ သီချင်းဟာ

ငါ မတီးခတ်တတ်တဲ့ သံစဉ်တွေနဲ့

တည်ဆောက်ထားတဲ့ သီချင်းတစ်ပုဒ်ပါ ။

ညီမလေးရေ

မင်းဆိုနေတဲ့ သီချင်း

မင်းဘဝရဲ့ သီချင်းဟာ

ငါ အဓိပ္ပါယ်မဖွင့်ဆိုတတ်တဲ့ စကားလုံးတွေနဲ့

ဖွဲ့သီထားတဲ့ သီချင်းတစ်ပုဒ်ပါ ။

ညီမလေးရေ

မင်းဆိုနေတဲ့ သီချင်း

မင်းဘဝရဲ့ သီချင်းဟာ

မလုံခြုံတဲ့ ငါ့အသံသေတ္တာထဲ

ဖမ်းဆုပ်ထည့်ဖို့ မသင့်တဲ့

အပြင်းစား သီချင်းတစ်ပုဒ်ပါ ။

ညီမလေးရေ

မင်းဆိုနေတဲ့ သီချင်း

မင်းဘဝရဲ့ သီချင်းဟာ

အသံထွက် ညံ့လွန်းမက ညံ့နေတဲ့ ငါ့အဖို့

ပါးစပ်တောင်မှ မဟဝံ့တဲ့

'ကီး' မြင့်မြင့် သီချင်းတစ်ပုဒ်ဖြစ်နေခဲ့တာ

မင်း မသိခဲ့ပါလား

ညီမလေးရယ် ။  ။


-စိုင်းဝင်းမြင့်-

Comments

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ