ငါသေရင် အမျှမဝေနဲ့ ယောက်ဖ


*ကိုယ်ခန္ဓာဆိုတာ

ချစ်ခြင်းမေတ္တာနဲ့ဉာဏ်ပညာကိုသယ်ဆောင်ဖို့

ယာဥ်ရထားတစ်စင်းမျှသာ ဖြစ်တယ်။*


ဝပ်ကျင်းမရှိတဲ့ စစ်တလင်းမှာ

သခင်အားရလို့ ကျွန်ပါးဝချင်သူတွေကတစ်ဖက် ...

ချစ်ခြင်းမေတ္တာနဲ့ ဉာဏ်ပညာကို သယ်ဆောင်နေတဲ့ ယာဥ်ရထားတွေကတစ်ဖက်...

ကျည်ဆန်ချင်း မီးဝင်းဝင်းချစ်ရတဲ့အခါ

ငါသေရင် အမျှမဝေနဲ့ယောက်ဖ...။


ငါ့ဝိညာဥ်ဟာ

သည်တိုင်းပြည် ရေလိုမအေးမချင်း

ဘယ်ကြေးစည်သံကိုမှ

သာဓုခေါ်ဖြစ်မှာမဟုတ်ဘူး။


ကိုအောင်ဝေးပြောဖူးတယ်။

ကဗျာဆရာကပစ်ရင်

ဖက်ဆစ်ခေတ်ရဲ့ရင်အုံကို တည့်တည့်မှန်အောင်ပစ်သတဲ့။

ယောက်ဖရေ...

မင်းဦးခေါင်းကို ကိုးဆယ်ဒီဂရီထောင်မတ်လိုက်...

ငါတို့ကောင်းကင်က ကြယ်တွေဟာ

 နှလုံးသားစစ်စစ်တွေပါ။

သူတို့ပုခုံးပေါ်က ကြယ်တွေသာ

အမှောင်မှာ ဆင်ကန်းတောတိုးတုပနေတာ။

ခေတ်ဆိုးတစ်ခုရဲ့ ဒဏ်ရာကို

သေရာပါတက်တူးထိုးရင်း

လူငယ်ဘဝကို

ဖီဆန်မှုဓားသွားနဲ့ တစ်စစီခုတ်လှီးလိုက်...။

**နှလုံးသားမပါရင်

ဘယ်အရာမှ တရားမဝင်ဘူး။**

ငါသေရင် အမျှမဝေနဲ့ယောက်ဖ...။


ယောက်ဖ သိလား...။

ဓားရဲ့တရားဆိုတာ

ဝင့်ရုံနဲ့မရ

ရှေ့တိုးခုတ်ယူမှရမယ်ဆိုတဲ့

ကိုကေဇဝင်းလည်း

ရှေ့ဆုံးကနေ သေနတ်မှန်လို့ကျဆုံးရှာပြီ။

ငါ့အိမ်လေးမီးရှို့တော့ မင်းတို့ဘာရမှာလဲကွယ်ဆိုတဲ့

ကင်းမရွာသူဒေါ်သန်းမြကြီးလည်း

ဘာမှမရဘဲ သေပြီ။

တရားတဲ့သူသာ နိုင်ကြေးဆိုတဲ့

ကိုဂျင်မီကြီးလည်း မတရားကြိုးပေးခံရပြီ။

သည်တိုင်းပြည်မှာ သူရဲကောင်း​အဖြစ်ဟာ

ရှားမီးကိန်းကျနေတဲ့ ကမာတွေ...

မြင်းခွာတစ်ရာမကပေါက်မှ

အတော်များများက

ကောက်ရိုးမီးလောက် ထတောက်တတ်ကြတဲ့သူတွေ...

ငါရင်နာတယ်။

ငါသေရင် အမျှမဝေနဲ့ယောက်ဖ...။


ငါသေရင်အမျှမဝေနဲ့ ယောက်ဖ...

မြနှင်းဝေရေ...

မင်းမရှိရင်ငါမဖြစ်ပါဘူးကွယ်ဆိုတဲ့

ဆရာပိုင်စိုးဝေရဲ့ကဗျာလို

ငါတို့မှာငါတို့ပဲရှိတာမို့လို့

ငါသေရင် အမျှမဝေနဲ့ယောက်ဖ...။


ငါသေရင်အမျှမဝေနဲ့ယောက်ဖ...

ရေရှိရာ ငါးလိုက်နေကြမယ်ဆိုတဲ့

လေကွယ်ရာ ကျောပေးဇိမ်ခတ်သူတွေရှိနေသရွေ့

ငါတို့ဟာ ကိုယ့်ပါးဟက်နဲ့ကိုယ်

ကုန်းပေါ်တက် သေချင်သေရမယ်။

သမိုင်းတစ်ခေတ်ရဲ့ မော်ကွန်းသံကို

ငါတို့အရိုးက တွန်ချင်တွန်ရမယ်။

ငါသေရင် အမျှမဝေနဲ့ယောက်ဖ...။


ငါသေရင်အမျှမဝေနဲ့ယောက်ဖ...

အနာဂတ်တွေ ကျီးထိုးခြစားခံနေရတဲ့

***ငါ့တိုင်းပြည်ကနေ

ငါ့ရုပ်နာမ်ကိုတစ်လက်မမှ မရွှေ့ကြနဲ့။***

ငါ့ဝိညာဥ်ဟာ

သည်တိုင်းပြည် ရေလိုမအေးမချင်း

ဘယ်ကြေးစည်သံကိုမှ

သာဓုခေါ်ဖြစ်မှာမဟုတ်ဘူး။

ငါသေရင်အမျှမဝေနဲ့ ယောက်ဖ...။


နှင်းရိပ်နွေ


* သျှပ်မှူးကျော်(ထူးအိမ်သင်)

**အောင်ချိမ့်

***ညီလင်းနိုင်


MyitKwae 

(မြစ်ကွေ့- လူထုတော်လှန်ရေးစာစဉ်၏ အတွဲ(၁)၊ အမှတ်စဉ် (၄၃) တွင် ဖော်ပြထားသည့်‌ ကဗျာကဏ္ဍမှ ကဗျာတစ်ပုဒ် ဖြစ်ပါသည်။ စာစဉ်တစ်ခုလုံးကို အောက်ပါ လင့်ခ်မှ ဒေါင်းလုပ်ဆွဲ၍ ရယူ ဖတ်ရှုနိုင်ပါသည်။)


Comments

  1. ကျနော်သေရင် အမျှမဝေနဲ့

    ReplyDelete
  2. **နှလုံးသားမပါရင်

    ဘယ်အရာမှ တရားမဝင်ဘူး။**

    ReplyDelete
  3. ငါ့ဝိညာဥ်ဟာ

    သည်တိုင်းပြည် ရေလိုမအေးမချင်း

    ဘယ်ကြေးစည်သံကိုမှ

    သာဓုခေါ်ဖြစ်မှာမဟုတ်ဘူ

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ