ကိုကိုအင်ပါယာကျဆုံးခန်း
ထတော့ ကိုကို
ထတော့
ညကပြောတော့ စောစောထ ရောမသွားမယ်ဆို
ကိုကိုပြောတော့
ရောမဆိုတာ ဘုန်းလက်ရုံးတဲ့
သူတို့မြို့မှာ
မြို့ရိုးတွေကို အရိုးနဲ့စီကြသတဲ့
ကိုကိုပြောတော့
ရောမဆိုတာ ကိုလိုစီယမ်ဆိုတဲ့ လူသတ်ကွင်းတဲ့
အဲ့ဒီ လူသတ်ကွင်းကို
ကျေးကျွန်သုံ့ပန်းတွေရဲ့
အသက်သွေးချွေးတွေနဲ့
သရိုး ကိုင်ထားတာပေါ့တဲ့
ကိုကို ပြောတော့
ရောမဆိုတာ ဖိုရမ်တဲ့ လူထုရင်ပြင်တဲ့
အဲ့ဒီရင်ပြင်ဟာ ကျွန်တွေရဲ့ ပုခုံး
သုံးပန်းတွေရဲ့ လက်နဲ့
ထွန်ယက်ခဲ့တဲ့ မြေသားကောင်းပေါ့တဲ့
ခေါင်းမတ်
ရင်ပင့်
မိုးထိမြင့်မယ့် လက်ရုံးတွေ ဆန့်တန်းလို့
လူထုရင်ပြင်ပေါ့
အဲဒီလက်ရုံးတွေကြားမှာ
နီရိုးရဲ့ လက်တွေလည်း ပါလို့
ပွန်တီးယပ်ပိုင်းလိတ်ရဲ့ လက်တွေလည်း ပါလို့
လူထုရင်ပြင်ပေါ့
ဒါ ရောမလား ကိုကို
ရောမ လူအုပ်ဝါဒ ဆိုတာ
ရောမ လူထုဝါဒ ရဲ့
ခေါ်ဗုံ တလုံးပါဆို
လုပ်... ကိုကို
အုပ်တချပ်နဲ့ ကျောက်ရုပ်များများ မြို့ကြီးက
ဥရောပရဲ့ လှေကားခုံမှာ
အရုဏ်မီးကျည် အချိန်းအချက်
ထွက်စောင့်နေရော့မယ် ထတော့ဆို
လက်ဝဲနံတောင်း လက်ယာနံတောင်း
ပြောင်းအိပ်မိသူ အကောင်ကြီးကြီးကို
ကမ္ဘာကျော် နေနည်းထိုင်နည်းနဲ့
အမြှီးလှန် ချိုးလိုက်တာများ
ဘာတဲ့. ..
ရောမ ရောက်သခိုက် ရောမသားလို ကျင့်ရဦးမယ်ဆိုပဲ
အလို. .. ရောမသားဆိုသဟာ
မိုဆိုလီနီလား ၊ ဆီဆာလား
ရောမြူးယပ်စ်လား၊ စပါတာကပ်လား လို့
ဝိစိကိစ္ဆာ အမျှင်တန်းလန်းနဲ့
ရိုးရိုးသားသား သမ်းဝေလိုက်မိပါတယ်
ဟော... ကြည့် ကိုကိုဟာလေ
ရောမသား ဆိုတာ
ဟိုဒင်း. .. လေ
ကိုကိုက ရိုမီယို
ညီမက ဂျူးလိယက်ပေါ့လို့ တဲ့
ဟင်း... ကိုကိုနော် တော်တော်နုံတဲ့
အိပ်မှုန်စုံမွှား
ပါးကလေး ထိုးပေး
အင့်... မွှေး တဲ့။
ကိုသန်းထွန်း
Fighting
ReplyDeleteDone!
ReplyDelete