နီယွန်မီးများများ အလိုရှိသည်
ငါတို့ဟာ မပျော်ရွှင်ရာကမ္ဘာက သဲပွင့်လေးတွေဖြစ်ပြီး
ရှန်ပိန်ဖောက်ခွင့်ကို ဘုရားသခင်က
ဆိုင်းငံ့မထား၊သတ်မှတ်မထားဘူးလို့
ကိုယ့်အရိုးစနဲ့ကိုယ် ၊ ကိုယ့်ဦးခေါင်းခွံနဲ့ကိုယ်
ငြင်းချက်ထုတ်ဝံ့သူများသာ ဖြစ်တယ်။
ကျူးကျော်ရပ်ကွက်ထဲကနေ
ဝင်ဘာလေကွင်းကြီးတိုင်အောင်
ဘောလုံးကန်ချင်တဲ့ လူငယ်တစ်ယောက်ရဲ့
ဖိုတိုဆင်းသစစ်အိပ်မက်တွေ...
အီးတီနဲ့ ဘိုဘိုကာတွန်းပုံကနေ
မိုးနေးရဲ့ အင်ပရက်ရှင်းပန်းချီတွေအထိ
တိမ်လိုလွင့်သွားချင်တဲ့စိတ်ခရီးသွားတွေ၊
တာရာမင်းဝေရဲ့ ` ကျောင်းဖွင့်ချိန် ‘ကစလို့
သောမတ်ဟာဒီရဲ့ `` လူမျိုးများပြိုကွဲချိန် ‘’အဆုံး
စကားလုံးတိုင်းအပေါ် ယမကာလိုယစ်မူးခံစားခြင်းတွေကို
နိုင်ငံတော်အာဏာသိမ်းမှုဆိုတဲ့ချောက်ကမ်းပါးစွန်းမှာ
လင်ကောင်မပေါ်ဘဲမွေးလာတဲ့သန္ဓေသားလို
မျက်ရည်စက်လက်နဲ့
လိုလိုချင်ချင်စွန့်လွှတ်ချန်ထားနိုင်တဲ့သူတွေပေါ့။
ငါတို့ဟာ ခေတ်စနစ်ရဲ့ချိန်ခွင်ထဲမှာ
`` မင်းတို့လူငယ်တွေသာ အားကိုးနေရတာ ‘’ဆိုတဲ့
၆၂လက်ကျန် လူကြီးတွေရဲ့ ပိဿာလေးတစ်လုံးလည်း
မတော်မဆ ဖြစ်နေပြန်ရဲ့။
ငါတို့ဝင်ထမ်းလိုက်မိတာဟာ ဒိုရေမီဖာခြောက်ကြိုးလုံး သံစဥ်ဖြာနေတဲ့ ဟော်လိုဂီတာမဟုတ်...
ကျည်ဆန်ချင်း ချစ်တင်းနှောရတဲ့ ဦးခေါင်းဗလာ လက်ဝယ်က မတရားသိမ်းပိုက်ခံနိုင်ငံတော်...။
ပျော်ပါတယ်။
ရယ်စရာမပါတာကိုက ရယ်စရာဖြစ်နေတဲ့
မြန်မာပေါကားလို
ငါတို့မပျော်ရခြင်းပြက္ခဒိန်မှာ
မပျော်နေ့စွဲတွေဆိုတာ ပျော်စရာ...။
ချစ်ပါတယ်တဖွဖွပြောပြီး
တစ်သျှူးစလို လုံးခြေစွန့်ပစ်ခံရတဲ့ကမ္ဘာမှာ
ငါရယ်...
ငါ့ရဲဘော်ရယ်...
ငါအလေးနီရတဲ့ ငါ့ရဲဘော်တွေရယ်...
နီယွန်မီးများများ လိုက်ရှာနေဆဲ...။
ငါ့ပုခုံးက လူသားပီသချင်တဲ့ အရှိုးရာကိုမြင်ရင်
မင်းလည်း နိုင်ငံတော်သီချင်းကို ယောင်ယောင်
ဝါးဝါးဆိုချင်ဆိုလိမ့်မယ်။
ပျက်ကျနေတဲ့ကြယ်တွေကို အားနာတယ်လို့ စတေးတပ်လေးတင်ရုံနဲ့...
မင်းရင်ဘတ်က စာနာမှုရေယဥ်ဟာ
နွားခြေရာခွက်အပြင်ကို လျှံထွက်မလာဘူး။
သေနတ်ပြောင်းဝကနေ ပန်းတွေဝေဖို့
ငါတို့မှာ ၇.၆၂ကျည်လို နီယွန်မီးများများလိုတယ်...။
- နှင်းရိပ်နွေ
Comments
Post a Comment