ဘာလင်တံတိုင်းကြီး ပြိုတဲ့အခါ


အချစ်ရေ...

ချိုးဖြူငှက်လေးပြန်အလာကို

ကိုယ်ဟာ

ကျည်ဆန်တေးသွားနဲ့ကြိုရသူပါကွယ်။


``ငါ့နိုင်ငံအတွက်

သေချင်သေပါစေ၊

ငါ့ပြည်သူတွေနဲ့အတူနေပြီး

 ရှရှားကျူးကျော်စစ်ကိုငါခုခံမယ်''

ယူကရိန်းသမ္မတဇယ်လန်စကီးရဲ့စကား...

ကိုယ့်သွေးပွက်ပွက်က လေးစားမိတယ်။


သူရဲကောင်းစစ်စစ်တွေဟာ

ကိုယ့်ခြေထောက်နဲ့ကိုယ်ပါကွဲ့။

ဘယ်ကန္တာရောက်ရောက်

ဆူးကြောက်စရာမလိုပါဘူး။

တရားမျှတမှုကို ခင်တွယ်လို့

ဦးခေါင်းပွင့်ခဲ့ရတဲ့

နွေဦးရဲဘော်တွေကိုမြင်တိုင်း

ကိုယ့်မှာ

ကြေကွဲခြင်းအဘိဓမ္မာတွေနာရ...

ကမ္ဘာမကြေဘူးအနုပညာကို သင်ယူရ…


အဲဒီလို...

ကိုယ်တို့ထိရှပျက်ကျမှုတွေနဲ့

အာသာငမ်းငမ်းတိုးဆောင့်လိုက်တဲ့

ဘာလင်ဟာ

ဘယ်လောက်တောင် ထုသားပေသားကျန်မှာလဲ။


မငိုပါနဲ့ကွယ်။

မင်းနဲ့ကိုယ်ကြားဆက်သွယ်မှုဧရိယာမှာ

မျက်ရည်ယိုဗုံးတွေ...

ကျည်ကာဝတ်စုံတွေမလိုပါဘူး။

ရေဒါမှာမပေါ်တဲ့

မေတ္တာလမ်ဗဒါအား ကြီးမားဖို့​ပဲလိုတာပါ။


ဘာလင်ဟာ တစ်နေ့ပြိုလဲရမှာပဲမဟုတ်လား။

ဘာလင်တံတိုင်းကြီးပြိုတဲ့အခါ

မင်းနဲ့ကိုယ်

ဘုရားသွားမယ်။

ကျောင်းတက်မယ်။

အင်လျားကန်စောင်းကခုံပေါ်မှာ

တစ်ယောက်ပုခုံးတစ်ယောက်မှီရင်း

သုခမိန်လှိုင်ရဲ့ ကဗျာတွေ

ပျော်ပျော်ပါးပါးရွတ်မယ်။


နောက်ပြီး

မင်းသိပ်ကြိုက်တဲ့ ခင်ဝမ်းသီချင်းတွေနဲ့

ဆံဖြူသွားကျိုးတဲ့အထိ

ကိုယ်ညတိုင်းချော့သိပ်​နေမှာပေါ့ အချစ်ရယ်...။


နှင်းရိပ်နွေ

(မြစ်ကွေ့- လူထုတော်လှန်ရေးစာစဉ်၏ အတွဲ(၁)၊ အမှတ်စဉ် (၄၃) တွင် ဖော်ပြထားသည့်‌ ကဗျာကဏ္ဍမှ ကဗျာတစ်ပုဒ် ဖြစ်ပါသည်။ စာစဉ်တစ်ခုလုံးကို အောက်ပါ လင့်ခ်မှ ဒေါင်းလုပ်ဆွဲ၍ ရယူ ဖတ်ရှုနိုင်ပါသည်။)

Comments

  1. ဘာလင်ဟာ တစ်နေ့ပြိုလဲရမှာပဲမဟုတ်လား။

    ဘာလင်တံတိုင်းကြီးပြိုတဲ့အခါ

    မင်းနဲ့ကိုယ်

    ဘုရားသွားမယ်။

    ကျောင်းတက်မယ်။

    အင်လျားကန်စောင်းကခုံပေါ်မှာ

    တစ်ယောက်ပုခုံးတစ်ယောက်မှီရင်း

    သုခမိန်လှိုင်ရဲ့ ကဗျာတွေ

    ပျော်ပျော်ပါးပါးရွတ်မယ်။

    နှင်းရိပ်နွေ

    HYN is one of my favorite poets❤️

    ReplyDelete

Post a Comment

Popular posts from this blog

သင်တို့ဘုရားငါမဖူး - ကဗျာ

Revolution Reviews

ပြောလိုက်ပါဘိ ဟောပါဘိ