စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးစနစ်
နွေဦးတော်လှန်ရေးဟာ လူသတ်လက်နက်များ ကိုယ်စီကိုင်ဆောင်ထားတဲ့ armed struggle အဆင့်ကို ဖြတ်သန်းနေပြီဖြစ်တယ်။ လက်နက်ဆိုတာ စည်းစိမ်တစ်မျိုးဖြစ်တာမို့ အဲဒီစည်းစိမ်အပေါ်သာယာပြီး တရားမဲ့ပြုကျင့်မှုတွေက မလွှဲသာမရှောင်သာ ကြုံတွေ့ရမယ့် ကိစ္စတွေဖြစ်ပါတယ်။
စစ်တပ်ဖွဲ့ပြီဆိုတာနဲ့ စစ်စည်းကမ်း၊စစ်ဥပဒေဆိုတာ ရေးဆွဲပြဋ္ဌာန်းဖို့ လိုအပ်ပြီး လက်နက်ကိုင်များက ချိုးဖောက်ကျူးလွန်တဲ့ တရားမဲ့ပြုကျင့်မှုများကို ထိရောက်စွာအရေးယူနိုင်ဖို့လည်း လိုပါတယ်။ လက်နက်ကိုင်ပြီး ထင်ရာရမ်းနေပါက စစ်သွေးကြွများသာဖြစ်ပြီး တော်လှန်ရေးလို့ ခေါ်ဆိုနိုင်မည်မဟုတ်ပေ။
ယနေ့အချိန် နုကြည်၊ကာကွယ်ရေးဌာနက စစ်ဥပဒေရေးဆွဲပြဋ္ဌာန်းပြီး ပြီလား မသိပါ (မျက်မြင်မြေပြင်မှာတော့ လက်နက်ကိုင်များကို ဥပဒေ၊စည်းကမ်းအရ ကိုင်တွယ်နိုင်မှု နည်းပါးနေတာ တွေ့ရပါတယ်။) စစ်သည်တော်ကျင့်ဝတ်ဆိုတာနဲ့ မလုံလောက်ပေ။ဥပဒေ ပြဋ္ဌာန်း ထိန်းကွပ်နိုင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့ စစ်ဥပဒေနဲ့ စစ်ဘက်ဆိုင်ရာ တရားစီရင်မှုစနစ်အကြောင်းကို အမြည်းမျှ စုစည်းတင်ပြလိုက်ပါတယ်။
စစ်စည်းကမ်း
လက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ လူသတ်ဖို့ဖွဲ့စည်းလေ့ကျင့်ထားတာဖြစ်လို့ တပ်ဖွဲ့ဝင်များကို တင်းကျပ်တဲ့ စည်းမျဉ်း၊စည်းကမ်းများနဲ့ ချုပ်ကိုင်ထိန်းကွပ်ထားလေ့ ရှိတယ်။ လက်နက်ကိုင်တပ်ဖွဲ့ဝင်များဟာ စစ်ဘက်စည်းကမ်းဥပဒေများသာမက အရပ်ဘက်ဥပဒေများကိုလည်း လိုက်နာရတယ်။
စစ်မှုထမ်းဖြစ်သွားတာနဲ့ အရပ်သားစိတ်နဲ့ နေထိုင်လို့မရတော့ပေ။ စစ်မှုထမ်းများဟာ တချို့သောနိုင်ငံသားအခွင့်အရေးများကို စွန့်လွှတ်လိုက်ရတာတွေ ရှိတယ်။ ဥပမာ- လွတ်လပ်စွာသင်းပင်းဖွဲ့စည်း တည်ထောင်ခွင့်၊ပါဝင်ခွင့်၊ လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ခွင့်၊ အမြင်သဘောထားများကို ပုံနှိပ်ဖြန့်ဝေခွင့် စသည်…။သို့သော် အခြား တစ်ဖက်ကကြည့်ရင် အရပ်သားများမရတဲ့ အခွင့်အရေးတချို့လည်း ရလေ့ရှိတာ တွေ့ရတယ်။ စစ်မှုထမ်းတစ်ယောက်ကို နယ်ဘက်တရားရုံးကနေ ဖမ်းဝရမ်းကပ်လို့ မရဘူး။၎င်းရဲ့ပိုင်ဆိုင်မှု၊ပစ္စည်းတွေကို ချိပ်ပိတ်လို့မရဘူး။ ကြွေးမြီမဆပ်နိုင်လို့ ဖမ်းဆီးလို့မရဘူး စသည်…။
စစ်မှုရေးရာ စည်းကမ်းချက်များ
စစ်မှုထမ်းများဟာ စစ်ရေးကိစ္စရပ်များမှာ တင်း ကျပ်တဲ့စည်းကမ်းများကို လိုက်နာကြရ ပါတယ်။ မိမိကိုတာဝန်ပေးထားရာ စခန်း၊တည် နေရာကို မိမိသဘောဖြင့် စွန့်ခွာခြင်း၊ ရန်သူနဲ့ဆက်သွယ်ခြင်း၊ ရန်သူ့ထံလက်နက်ချခြင်း၊ မိမိသဘောဖြင့် အလံဖြူထောင်ခြင်း၊မိမိရဲ့ လက်နက် ,ခဲယမ်း များကို စွန့်ပစ်ခြင်း၊ ရန်သူ့အတွက် သူလျှိုလုပ် ခြင်း၊ သုံ့ပန်းအဖြစ်ဖမ်းမိတဲ့အခါ ရန်သူဖြင့်ပူးပေါင်းခြင်း၊ မှားယွင်းသောစစ်ရေးအချက်ပြခြင်း၊ ကင်းငိုက်ခြင်း စတာတွေလုပ်ရင် သေဒဏ်ထိုက်တဲ့ ပုဒ်မနဲ့ အရေးယူလေ့ရှိတယ်။
အခြား စစ်စည်းကမ်းများ
စစ်ရေးကိစ္စရပ်များအတွက် မဟုတ်ဘဲ နောက် တန်း မှာ နေထိုင်စဉ်မှာလည်း စည်းကမ်းချက်များစွာကို လိုက်နာကြရပါတယ်။ စစ်မှုထမ်းများဟာ မိမိရဲ့သွားလာလုပ်ဆောင်မှုမှန်သမျှ အထက်အရာရှိထံ သတင်းပို့ရပါတယ်။ အထက်အရာရှိ(သို့)စီနီယာကျသူကို အလေးပြုရတယ်။ အထက်အမိန့်အားလုံးကိုလည်း အချိန်နဲ့တစ်ပြေးညီ သိရှိအောင်လုပ်ထားကြရတယ်။ စစ်ဝတ်စားဆင်ယင်မှုကိုလည်း စစ်ပုံကျအောင် ဝတ်ဆင်ရတယ်။ မူးယစ်၊လောင်းကစားတွေ လုပ်ခွင့်မရှိဘူး။ဘာသာရေး၊လူမျိုးရေး ငြင်းခုံခွင့် မရှိဘူး။ မကျေနပ်မှုများကို တိုင်စာပုံစံနဲ့ တိုင်တန်းနိုင်တယ်၊ ပစ်စာမပစ်ရဘူး။ အထက်အမိန့်မှန်သမျှ နာခံကြရတယ်(အဲလိုနာခံလိုက်လို့ မိမိနစ်နာတယ်ထင်ရင် နောက်မှ အထက်ကိုတင်ပြနိုင်တယ်၊ လောလောဆယ် ဆင်ခြေတက်ခွင့်မရှိ။) တီးမှုတ်ခြင်း၊ မီးထွန်းညှိခြင်းကို ခွင့်ပြုချက်ရမှ လုပ်ရတယ်။ အရပ်သားများနဲ့ ပြဿနာမဖြစ်ရဘူး၊ စစ်ပစ္စည်းတွေကို အချင်းချင်း ငှားရမ်း၊ပေါင်နှံ၊ရောင်းချခြင်းမလုပ်ရဘူး။ သတ်မှတ်နေရာမှာပဲ တံတွေးထွေးခွင့်ရှိတယ်။
စည်းကမ်းဆိုတာ အကျဉ်းချုပ်ရင် တားမြစ်ချက်နဲ့ တိုက်တွန်းချက်ဆိုပြီး နှစ်မျိုးသာ ရှိပေမယ့် အကျယ်ချဲ့လိုက်ရင်တော့စစ်မှုထမ်းများဟာ ကြယ်သီးတစ်လုံးပြုတ်ရင်ကို ထောင်ခြောက်လ
ချလို့တဲ့အထိ တင်းကျပ်တဲ့ စည်းကမ်းများအောက်မှာ နေထိုင်ကြရပါတယ်။
စစ်တရား စီရင်ခြင်း
စစ်မှုထမ်းများဟာ ပြဋ္ဌာန်းဥပဒေ၊ စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ဘက်တရားစီရင်ခြင်း နည်းလမ်းနဲ့ တရားစီရင် ခံကြရပါတယ်။ စစ်ဘက်ဆိုင်ရာ တရားစီရင်ခြင်းမှာ နည်းလမ်းနှစ်မျိုး ရှိတယ်။
(၁)အကျဉ်းနည်းဖြင့် စီရင်ခြင်း၊
(၂)စစ်တရားရုံးဖြင့် စီရင်ခြင်း။
အကျဉ်းနည်းဖြင့် စီရင်ခြင်း
စစ်မှုထမ်းများဟာ သောက်စားမူးယစ်သော အခါ၊ အကြမ်းဖက်သောအခါ၊ အထက် လူကြီးကို မလေး မခန့်ပြုသောအခါ၊ သာမန် အမိန့်မနာခံခြင်း, ဖီဆန်ခြင်း ပြုလုပ်သောအခါ၊ ထွက်ပြေးမည်ဟုယုံကြည်ရသောအခါ၊ ပြစ်မှုကျူးလွန်သောအခါ၊ လုံခြုံရေးအတွက်လိုအပ်သောအခါ၊ စည်းကမ်း သေဝပ်မှု မရှိသောအခါ စသည့် သာမန်စစ်စည်းကမ်း ဖောက်ဖျက်မှုများ ကျူးလွန်ပါအကျဉ်း နည်းဖြင့် တရားစီရင်အရေးယူလေ့ရှိတယ်။
အကျဉ်းနည်းဖြင့်တရားစီရင်သည့်အခါ အပြစ်သားကို အချုပ်ခန်းမှာ အကျဉ်းချုပ်ခြင်း၊ (တာဝန်၊ဝတ္တရားများ မပျက်ကွက်စေဘဲ) မိမိနေထိုင်ရာ ဘားတိုက်အတွင်းမှာ အကျယ်ချုပ်ခြင်း (လိုင်းချုပ်ချခြင်း)၊ SED(special extra duty)လို့ ခေါ်တဲ့ အပိုကင်းစောင့်ခိုင်းခြင်း၊ စစ်ရေးပြနဲ့ ကိုယ်လက်ကြံ့ခိုင်မှု လုပ်ခိုင်းခြင်းစတဲ့ အပိုတာဝန်များ ပေးအပ်ခြင်းနည်းလမ်းများကို သုံးလေ့ရှိကြတယ်။ပြစ်ဒဏ်အနေနဲ့ နှစ်ဆယ့်ရှစ်ရက်ထက်မပိုတဲ့ အချုပ်ကာလ၊ လစာ ချီးမြှင့်ငွေ ဖြတ်တောက်ခြင်း၊ ရာထူးလျှော့ချခြင်း စတဲ့ ပြစ်ဒဏ်များ ပေးလေ့ရှိတယ်။
အကျဉ်းနည်းဖြင့် တရားစီရင်တဲ့အခါ အကြပ်၊တပ်သားများကို တပ်မှူး(တပ်ရင်းမှူး) က လည်း ကောင်း၊ ဒုဗိုလ်မှူးကြီးအဆင့်အောက်နိမ့်သော အရာရှိ၊အရာခံများကို တိုင်းမှူး(သို့) တပ်မမှူးက လည်းကောင်း၊ ယင်းအထက်အဆင့်များကို ကာကွယ်ရေးဦးစီးချုပ်က လည်းကောင်း စီရင်ပိုင်ခွင့်အာဏာ ရှိပါတယ်။
စစ်တရားရုံးဖြင့် တရားစီရင်ခြင်း
အကျဉ်းနည်းဖြင့် တရားစီရင်ရန် မလုံလောက်တဲ့အပြစ်သားများကိုတော့ စစ်ဘက်ဆိုင်ရာတရားရုံး အဆင့်ဆင့်ဖွဲ့စည်းပြီးမှ အပြစ်ပေး အရေးယူလေ့ရှိတယ်။ စစ်တရားရုံး ၄မျိုး ရှိပါတယ်။ အဲဒါတွေကတော့
(၁)စစ်တရားရုံးချုပ်၊
(၂)အကျဉ်းစစ်တရားရုံးချုပ်၊
(၃) တိုင်းစစ်တရားရုံး၊
(၄) တပ်တွင်းစစ်တရားရုံး တို့ပဲ ဖြစ်တယ်။
စစ်တရားရုံးချုပ်မှာ ပြန်ထမ်းဝင် အရာရှိလုပ်သက် သုံးနှစ်အထက်ရှိသော အရာရှိ ငါးဦးပါဝင်ပြီး ပြစ်မှုကျူးလွန်တဲ့ စစ်မှုထမ်းအားလုံးကို တရားစီရင်ပိုင်ခွင့် ရှိပါတယ်။ အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ သေဒဏ်အထိ အပြစ်ပေးပိုင်ခွင့်အာဏာ ရှိတယ်။
အကျဉ်းစစ်တရားရုံးချုပ်မှာ ပြန်ထမ်းဝင်အရာရှိလုပ်သက် တစ်နှစ်အထက်ရှိသော အရာရှိ သုံးဦးပါဝင်ပြီး ပြစ်မှုကျူးလွန်တဲ့ စစ်မှုထမ်းအားလုံးကို တရားစီရင်ပိုင်ခွင့် ရှိပါတယ်။ သူကလည်း အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ သေဒဏ်အထိ အပြစ်ပေးပိုင်ခွင့်အာဏာ ရှိတယ်။
တိုင်းစစ်တရားရုံးမှာ သုံးဦးအောက်မလျော့တဲ့ ပြန်ထမ်းဝင်အရာရှိများ ပါဝင်ရပြီး သူတို့ဟာ အနည်းဆုံးအရာရှိလုပ်သက် နှစ်နှစ်ရှိရပါမယ်။ ဒီတရားရုံးဟာ အရာရှိမှတစ်ပါး ပြစ်မှုကျူးလွန်တဲ့ အရာခံဗိုလ်နဲ့ အောက်အဆင့် စစ်မှုထမ်းအားလုံးကို တရားစီရင်ပိုင်ခွင့် ရှိပါတယ်။ အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် နှစ်နှစ်အထိ အပြစ်ပေးပိုင်ခွင့်အာဏာ ရှိတယ်။ သို့သော်အရာခံဗိုလ်များကိုတော့ ထောင်ဒဏ်ချမှတ်ခွင့် မရှိပါ။
တပ်တွင်းစစ်တရားရုံးမှာတော့ စီရင်ပိုင်ခွင့်ရှိသူမှာ တပ်မှူး(တပ်ရင်းမှူး)သာဖြစ်ပြီး စစ်ဆေးစဉ်မှာတော့ အခြားအရာရှိနှစ်ဦး တက်ရောက်ရတယ်။ ဒီတရားရုံးဟာ အရာခံဗိုလ်အောက်အဆင့် ပြစ်မှုကျူးလွန်သူများကို စီရင်ခွင့်ရှိပြီး တပ်မှူးဟာ ဗိုလ်မှူးအဆင့်နဲ့အထက် ဖြစ်ပါက ထောင်ဒဏ်တစ်နှစ်၊ ဗိုလ်မှူးအဆင့်အောက် ဖြစ်ပါက ထောင်ဒဏ်သုံးလ ချမှတ်နိုင်တဲ့အာဏာ ရှိပါတယ်။
စစ်မှုထမ်းများဟာ ရာဇဝတ်ပြစ်မှုများ ကျူးလွန်ပါက စစ်ဥပဒေအရအပြင် အရပ်ဘက် တရားရုံး
၌လည်း အမှုရင်ဆိုင်ကြရပါတယ်။ စစ်ဘက်တရား ရုံးအဆင့်ဆင့်ရဲ့ ပြစ်ဒဏ် ချမှတ်မှုများအပေါ် ကျေနပ်မှု မရှိပါက စစ်ဘက်အယူခံ တရားရုံးမှာ အယူခံတက်ခြင်း၊ ကာကွယ်ရေးဦးစီးချုပ်ထံ အသနားခံစာတင်ခြင်းများကိုလည်း ဥပဒေအရ ဆောင်ရွက်ခွင့် ပေးထားပါတယ်။
အာဏာခွဲဝေမှုနဲ့ ပတ်သက်ရင် တပ်မှူး (တပ်ရင်း မှူး)၊ တပ်မမှူး၊တိုင်းမှူးနဲ့ ကာချုပ်တို့ဟာ တပ်အပေါ်မှာ အုပ်ချုပ်ရေးအာဏာအပြင် တရားစီရင်ရေးအာဏာပါ ကျင့်သုံးခွင့်ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။
စစ်တရားရုံးများက ချမှတ်နိုင်တဲ့ ပြစ်ဒဏ်များ
စစ်တရားရုံး အဆင့်ဆင့် အနေနဲ့ သေဒဏ်၊ တစ်ကျွန်းဒဏ်၊ ထောင်ဒဏ်များ၊ ရာထူးအဆင့်လျှော့ချဒဏ်၊ လစာ၊ရိက္ခာများဖြတ်တောက်ဒဏ်၊ စစ်မှုထမ်းသက်လျှော့ချဒဏ်၊ ပြစ်တင်ရှုတ်ချပြီး ထုတ်ပယ်ပြစ်ဒဏ် စတဲ့ ပြစ်ဒဏ်များကို ချမှတ်စီရင်နိုင်ပါတယ်။
ပြစ်မှုကျူးလွန်သူ စစ်မှုထမ်းများဟာ စစ်မြေပြင်တွင်ရောက်ရှိ နေပါက စစ်မြေပြင် ပြစ်ဒဏ်ကိုပေးနိုင်ပါတယ်။ စစ်မြေပြင် ပြစ်ဒဏ် ကတော့လူကို ချုပ်နှောင်ခြင်း၊ အလုပ်ကြမ်း စေခိုင်းခြင်း စတဲ့
ပြစ်ဒဏ်များသာ ပေးရပြီး အသက်ကို သော်
လည်းကောင်း၊ ကိုယ်လက်အင်္ဂါကိုသော်လည်း ကောင်း ထိခိုက်နစ်နာစေမယ့် ပြစ် ဒဏ်မျိုးကို ပေးလေ့မရှိပါ။တပ်မှူးဟာ ပြစ်မှု ကျူးလွန်သူကို အချုပ်ချထားနိုင်ပြီး အချုပ်ခန်းအဆင်မပြေပါက အနီးစပ်ဆုံးအရပ်ဘက်အချုပ်ခန်းမှာ ပို့ဆောင်ချုပ်နှောင်ထားနိုင်ပါတယ်။
ယခုတင်ပြခဲ့သည်များကတော့ လက်နက်ကိုင်တပ်များမှာ စီရင်ကျင့်သုံးလေ့ရှိတဲ့ စစ်ဘက်တရားစီရင်ရေး စနစ်ကို အမြည်းသဘောမျှ တင်ပြခြင်း ဖြစ်ပါတယ်။ အဓိကကတော့ ဗိုလ်ချုပ် အောင်ဆန်း တည်ထောင်ခဲ့ပြီး ယခုတော့ အာဏာရူးတစ်စုလက်ထဲမှာ အသက်ငင်နေတဲ့ မြန်မာ့တပ်မတော်ရဲ့ စစ်ဘက်တရား စီရင်ရေး ပုံစံများကို အများဆုံးကျောရိုးပြုပြီး ဒီစာစုကို တင်ပြခြင်းဖြစ်ပါတယ်။
နိုင်ငံတစ်ဝန်းက အမျိုးမျိုးသော တော်လှန်လက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ ကျယ်ကျယ် ပြန့်ပြန့်လေ့လာပြီး မိမိတပ်ဖွဲ့အခြေအနေနဲ့ ကိုက်ညီမယ့် တပ်တွင်းတရားရေးစနစ်ကို ဖော်ဆောင်ကျင့်သုံးကြစေလိုပါတယ်။ အဲဒီအတွက် သဲတစ်ပွင့်အထောက်အကူ ဖြစ်စေတယ်ဆိုရင် ဒီစာစုကို ရေးသားရကျိုးနပ်တယ်လို့ ခံယူပါကြောင်း။ ။
စိုးဝင်းဆွေ(HPD)
ကိုးကား
_ 1959ခုနှစ်၊ တပ်မတော်အက်ဥပဒေ။
_ ဦး၊ရေး၊ထောက် လက်စွဲ။
_ အင်တာနက် ရင်းမြစ်များ။
Fighting
ReplyDeleteDone!
ReplyDelete